နိုင်ငံရေးသမားတွေ စပိန်၊ အင်္ဂလန်လို မဖြစ်ကြစေနဲ့ - ဇာဂနာ

စစ်တပ်ဟာ နိုင်ငံရေးနဲ့ ဝေးဝေးနေသင့်တယ်။ စစ်တပ်က လွှတ်တော်ထဲမှာ ၀င်ထိုင်နေတာ ဘယ်လိုမှ ကြည့်မကောင်းဘူး။ စစ်တပ်ကို ၂၅ ရာခိုင်နှုန်း ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ရမယ်။ ဒီစကားလုံးတွေဟာ ၂၀၁၀ အလွန် မြန်မာ့နိုင်ငံရေးမှာ ခေတ်စားလာခဲ့သလို ၂၀၁၃ ခုနှစ်ထဲမှာတော့ အပြင်းအထန် ငြင်းခုံစရာ ခေါင်းစဉ်တစ်ခုဖြစ်လို့ လာပါတော့တယ်။ တချို့ကလည်း ခုချိန်မှာ စစ်တပ်ကို မထိမတို့သင့်ဖူးလို့ ဆိုကြပါတယ်။ စစ်တပ်ဟာ အခွင့်ထူးခံ ဖြစ်နေတယ်လို့လည်း ဝေဖန် ကြသလို စိန်ခေါ်တယ်ဆိုတဲ့ စကားတောင် ခေတ်စားသွားခဲ့ပါရော။

ကျွန်တော်တို့ တိုင်းပြည်ဟာ ၁၉၆၂ခုနှစ်ကနေ သည်နေ့ထိ စစ်တပ်ရဲ့ လက်အောက်မှာပဲ ရှိနေ သေးတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရဟာ တကယ်တော့ အရပ်သားအစိုးရ မဟုတ်သေးဘူးဆိုတာကို တစ်ခါတစ်ခါ မေ့သွားကြပုံရပါတယ်။ လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၈ရာခိုင်နှုန်းဟာ စစ်သားတွေချည်းပဲ ဆိုတာလည်း သတိချပ်သင့်ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတယ် ဆိုတာလောက်တော့ ကျွန်တော်တို့ မြန်မာပြည်က သနားပါတယ်။ ဒီနေ့ နိုင်ငံရေးမှာ အပြောင်းအလဲကို လိုလားပါတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၀ထိ ဗိုလ်ချုပ်ကြီးပါပဲ။ သူရဦးရွှေမန်းလဲ တူတူပါပဲ။ ၀န်ကြီး ဦးစိုးသိန်းဆိုလည်း ဒုတိယ ဗိုလ်ချုပ်ကြီးပါ။ ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းဟာလည်း ဗိုလ်ချုပ်ပါ။ တစ်နေ့က ပြုတ်သွားတဲ့ သာသနာရေး ၀န်ကြီးလည်း ဗိုလ်ချုပ်ပါပဲ။ တင်းမာတဲ့ သဘောထားရှိတယ်လို့ အမြဲတမ်း ဝေဖန်ခံရတဲ့ စစ်တပ်ဖက်မှာ ၂၀၁၀ နောက်ပိုင်းရောက်လာတဲ့ အခါကျတော့ (၁) ပျော့ပျောင်းတဲ့ အုပ်စု၊ (၂) တင်းမာတဲ့ အုပ်စုဆိုပြီး အပျော့ဂိုဏ်း၊ အမာဂိုဏ်း နှစ်ဂိုဏ်း ကွဲလာတယ်လို့ ဆိုကြပါတယ်။ (ကျွန်တော့် အမြင်အရတော့ ဒီလို နှစ်ဂိုဏ်းကွဲနေတယ်ဆိုတာ ဇာတ်ညွှန်းပါပဲ။ ကမ္ဘာမှာ ဒီလို နှစ်ဂိုဏ်း ကွဲလေ့ရှိတယ်ဆိုတဲ့ ဖြစ်နေကြ သဘာဝကို မြန်မာပြည်မှာ ပုံတူပွားလိုက်တာပါပဲ)

တစ်ခါ အတိုက်အခံတွေဘက်မှာ (၁) ညှိနှိုင်းလိုသူများနဲ့ (၂) ဆန့်ကျင်လိုသူများဆိုပြီး နှစ်ဂိုဏ်း ကွဲနေတယ်လို့ ဆိုပြန်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံရေး ပညာရှင်တွေက အပျော့ဂိုဏ်းနဲ့ ညှိနှိုင်းလိုသူများ နှစ်ဖွဲ့ကို ပေါင်းစပ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အင်အားစုကြီး တစ်ခုအဖြစ် တည်ဆောက်ရမယ်လို့ ဆိုကြ ပြန်ပါတယ်။ တကယ်လည်း အပျော့ဂိုဏ်းက ညှိနှိုင်းလိုသူများကို လက်တွဲလုပ်ဖို့ ဖိတ်ခေါ်ပါတယ်။ နမူနာပြရရင် (၁)ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ရဲ့ ဆက်ဆံရေး၊ (၂) ၈၈ (ငြိမ်းပွင့်)နဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ရဲ့ ဆက်ဆံရေး တို့ကို ကြည့်ကြပါ။ ဒီကနေ အဖြေ ဘာထွက်လာပါသလဲ။ အမှန်အတိုင်း သုံးသပ်ကြည့်ရင် ကိုယ့်ဘက်က ပေးလိုက်ရတာ တော်တော်များပါတယ်။ ထူးပြီး ပြောင်းလာတာတော့ တစ်ခုမှ မတွေ့ခဲ့ရပါဘူး။ တစ်နေ့က ဖြစ်ခဲ့တဲ့ ဘုန်းကြီးကျောင်း ၀င်စီးတဲ့ကိစ္စ၊ ဦးဆန်းဆင့်ကို ဖြုတ်လိုက်တဲ့ ကိစ္စတွေထိ အစိုးရက စစ်တပ်လိုပဲ တွေးပြီး စစ်သားလိုပဲ ဆုံးဖြတ်တုန်းပဲဆိုတာ ပေါ်လွင်နေတုန်းပါ။ ဒီတော့ ကျွန်တော်တို့ စစ်တပ်ရဲ့ သဘောသဘာဝကို အရင်လေ့လာ ကြည့်ရအောင်။

တခြားတခြားသော တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်တပ်ဟာ ဘာကွာသလဲ။ သိသိသာသာ ထင်ထင်ရှားရှား ကွာခြားချက်လေးချက်ကို သွားတွေ့ပါတယ်။ (၁) စစ်တပ်ဟာ စစ်ပွဲတွေရဲ့ အရေးအပါဆုံး အဖွဲ့ပဲ။ စစ်ဖြစ်တယ်ဆိုကတည်းက စစ်တပ် ပါလာပြီ။ လက်နက်ပါလာပြီ။ ဒီတော့ စစ်တပ်ဟာ ပြဿနာတစ်ခု ပေါ်လာရင် စေ့စပ်ညှိနှိုင်း ဆွေးနွေးဖို့ထက် လက်နက်နဲ့ ဖြေရှင်းဖို့ကိုပဲ အာသီသရှိတယ်။  (၂) စစ်တပ်ဟာ အထက်အမိန့်ကို အနာခံဆုံး အဖွဲ့ဖြစ်တယ်။ စစ်တပ်ရဲ့ ဖွဲ့စည်းပုံဟာ ကျစ်လျစ်တယ်။ စည်းမျဉ်း စည်းကမ်း လိုက်နာတယ်။ ရာထူးကြီး သူရဲ့ စကားကို ရာထူးငယ်သူက ဘယ်တော့မှ မပယ်ရှားဘူး။ (၃) စစ်တပ်တိုင်း အသက်ကို စွန့်ဖို့ ဆုံးဖြတ်ထားသူတွေနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်တယ်။ တိုက်ခိုက်မယ်၊ သတ်ဖြတ်မယ်၊ သေမယ်ဆိုတာ စစ်တပ်ရဲ့ သဘာဝပဲ။ အသက်ကိုစွန့်ဖို့တောင် ၀န်မလေးမှတော့ ဘာကိုပဲ ဖြစ်ဖြစ် မကြောက်တော့ဘူးဆိုတဲ့ စိတ် အခြေခံရှိနေမှာပဲ။ (၄) စစ်တပ်တိုင်းဟာ နိုင်ငံရေးရဲ့ အထက်မှာ သူတို့ရှိနေတယ်လို့ ထင်တတ်ကြတယ်။

နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည် မပြိုကွဲရေးဆိုတဲ့ တာဝန်တွေကို အဓိက ထမ်းဆောင်ထားတာ စစ်တပ်ပဲဆိုတဲ့ အစွဲရှိနေတယ်။ အမျိုးသား အကျိုးစီးပွားကို ထိခိုက်လာရင် စစ်တပ်က လက်ပိုက် ကြည့်နေ မှာ မဟုတ်ဘူး ဆိုတာကတော့ စစ်တပ်တိုင်းရဲ့ လက်သုံးစကားပါပဲ။

အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှတိုက်တို့မှာ စစ်တပ်က နိုင်ငံရေးမှာ ၀င်ဝင်စွက်ဖက်တာတွေ တွေ့နေရမှာပါ။ အရပ်သားအစိုးရတွေကို ဖြုတ်ချတာ၊ အရပ်သားအစိုးရ ယောင်ဆောင်တာတွေလည်း အများကြီးပါ။ စစ်တပ် အာဏာသိမ်းတိုင်း လက်သုံးစကားကတော့ တိုင်းပြည်ကို ကယ်တင်ဖို့ ဆိုတာချည်းပါပဲ။

ကမ္ဘာမှာ စစ်တပ်နဲ့ နိုင်ငံရေး ဆက်ဆံမှုဟာ ၂ မျိုးပဲရှိပါတယ်။

(၁)လွတ်လပ်တဲ့ ဆက်ဆံမှု
စစ်တပ်နဲ့ နိုင်ငံရေးကို သီးခြားခွဲထုတ်ထားတယ်။ (က) အစိုးရအဖွဲ့က အားလုံးကို တာဝန်ယူတယ်။ စစ်တပ်ကလည်း အစိုးရရဲ့ လက်အောက်ခံ အဖွဲ့တစ်ခုပဲဖြစ်တယ်။ (ခ) အစိုးရအဖွဲ့ကပဲ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ ချမှတ်တယ်။ စစ်တပ်က အဲဒီ့ ပေါ်လစီတွေကို အောင်မြင်စေဖို့ အကောင်အထည် ဖော်ရတယ်။ (ဂ) ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကိုမှ စစ်တပ်က ဘက်မလိုက်ရဘူး။

(၂)စွက်ဖက်တဲ့ ဆက်ဆံမှု
အစိုးရလုပ်ရမှာတွေကို စစ်တပ်က ၀င်လုပ်တယ်။ စစ်တပ် ဆုံးဖြတ်တာတွေကို အစိုးရက လိုက်နာတယ်။ တချို့နိုင်ငံတွေမှာဆို စစ်တပ် ကိုယ်တိုင်က အစိုးရပဲ ဖြစ်နေတယ်။ အာဏာရှင် တိုင်းပြည်တွေ၊ တစ်ပါတီထဲ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ဒါမျိုးတွေ တွေ့ရလေ့ရှိပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းပိုက်ခြင်း
အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်းတာမျိုး ကမ္ဘာပေါ်မှာ ခဏခဏ တွေ့ရတတ်ပါတယ်။ ဒီလို အာဏာသိမ်းတာကလည်း (၁) စစ်တပ်က လိုလားသူကို ခေါင်းဆောင်တင်ချင်တာရယ် (၂) စစ်တပ်က တိုက်ရိုက် အုပ်ချုပ်ချင်တာရယ်ဆိုတဲ့ အချက်နှစ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းတိုင်း အကြောင်းပြချက်တွေ စုကြည့်လိုက်ရင် (၁) စီးပွားရေး ကျဆင်းမှုကြောင့် (၂) အရပ်သား အစိုးရအပေါ် ပြည်သူတွေ အယုံအကြည်မဲ့လာမှုကြောင့် (၃) အစိုးရ နဲ့ စစ်တပ်အကြား ပဋိပက္ခဖြစ်တာကြောင့် (၄) နိုင်ငံတကာရဲ့ စွက်ဖက်မှုကြောင့်ဆိုတဲ့ အချက် လေးချက်ကိုပဲ တွေ့ရလေ့ရှိပါတယ်။

ဒါတွေကို သိရက်သားနဲ့ ကျွန်တော်တို့ ပိုတွက်ထားမိနေတာလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သိပ်အထင်ကြီး လွန်းနေတာလား ဆိုတာကို အတိုက်အခံ နိုင်ငံရေးသမားတိုင်း တွေးဆဆင်ခြင်စေချင် ပါတယ်။ ကမ္ဘာ့အတော်ဆုံး ဘောလုံးသမားတွေနဲ့ စုဖွဲ့ထားတယ်ဆိုတဲ့ လက်ရှိချန်ပီယံ စပိန်အသင်း မရှုမလှ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ပြီဆိုတာတော့ ယူတတ်ရင် သင်ခန်းစာပါ။ မြန်မာ ပရိသတ်တွေရဲ့ အချစ်တော် အင်္ဂလန် အသင်းလည်း နှစ်ပွဲကစား၊ နှစ်ပွဲရှုံးနဲ့ အုပ်စုကပဲ ထွက်ခဲ့ရပါပြီ။ သေချာတာ တစ်ခုကတော့ ဘယ်လောက်ပဲ တော်တော် တိကျသေချာပြီး ထိရောက်တဲ့ ဗျူဟာ မရှိလို့ကတော့ လက်ပြနှုတ်ဆက်ရုံ မှတစ်ပါး အခြားမရှိပါဘူးဆိုတာပါပဲ။

ဇာဂနာ

 

Category: 

Share