သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (နယူးယောက်မြို့)မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်

သာသနမောဌိ သာသနာ့ ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်မှ ဦးဆောင်၍ ရန်ကုန်မြို့တွင် ဖြစ်ပွားနေသော မဟာသန္တိသုခကျောင်းနှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြပွဲကို နယူးယောက်မြို့ ကုလသမဂ္ဂ အမြဲတမ်း မြန်မာ ကိုယ်စာလှယ် ရုံးရှေ့တွင် ပြုလုပ်ခဲ့ကာ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား နယူးယောက်မြို့၊ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် ဇွန်လ ၂၀ရက်နေ့၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဓိကအားဖြင့် မဟာသန္ဒိသုခ ကျောင်းဝင်းအတွင်း လက်နက်ကိုင် ၀င်ရောက်ပြီး ကျောင်းတိုက်ကို ချိပ်ပိတ်ခြင်း၊ သံဃာတော်များကို ဖမ်းဆီး၊ လူဝတ်လဲ၊ ထောင်ချခြင်းများနှင့် ပတ်သက်၍ ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။

“ဦးဇင်းတို့ အနေနဲ့ ဆန္ဒထုတ်ဖော်ရာမှာ လူအင်အားကတော့ ငါးဆယ်လောက် ရှိပါတယ်၊ သံရုံးက တော်တော်နဲ့ တံခါးမဖွင့်ပေးဘူး။ နောက်တော့ သံရုံးက ၀န်ထမ်းတစ်ယောက်က စာလာထွက်ယူတယ်။ သမ္မတကို ပေးတဲ့စာနဲ့ ကြေငြာချက်ကို ယူသွားပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုလိုအပ်နေသေးတယ်။ အာဏာပိုင်တွေဟာ ဥပဒေကို လိုရင်လိုသလို ပြုလုပ်နေတယ်။ ဒီလိုဖြစ်စဉ်တွေကို ဗုဒ္ဓနည်းလမ်းတကျ အဆုံးအဖြတ်ပေး ဆောင်ရွက်စေလိုပါတယ်”ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်ရာတွင် ပါဝင်သော ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)က မိန့်ကြားခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲမှ အချက်(၅)ချက် ပါဝင်သော ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကြေညာခဲ့ကာ ယင်းကြေညာချက်များတွင် အဓိက အချက်များအားလုံးမှာ မဟာသန္တိသုခကျောင်း အကြမ်းဖက်ခံရမှုများနှင့် ယင်းကျောင်းမှ ဆရာတော်များအား အတင်းလူဝတ်လဲစေကာ တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့မှုများအား ကန့်ကွက်ထားသည့် အချက်များ ပါဝင်သည်။

 

Category: 

Share