တရားရုံးပေါ်မှ ဗုဒ္ဓသာသနံ စိရံတိဌတု - ကျော်စွာမြင့် (၁၉၈၈-၉၂ ဗကသ)

ဟေး..........ဆိုသောအသံကြီးက မြည်ဟီးကျယ်လောင်စွာ ထွက်လာခဲ့ပါတယ်။ ယနေ့ (၂၀.၆.၂၀၁၄) နေ့မှာ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် တရားရုံးမှာ လွန်ခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ ညက မဟာသန္တိသုခ ကျောင်းတိုက်ကို ချိပ်ပိတ်စီးနင်းခဲ့စဉ် လူဝတ်လဲ အဖမ်းဆီးခံထားတဲ့ ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃ ၅ ပါးကို ပထမဦးဆုံး ရုံးထုတ် စစ်ဆေးမယ့်နေ့ ဖြစ်တာကြောင့် ပြည်သူတွေ၊ ရဟန်း သံဃတော်တွေ ရာနဲ့ချီပြီး တာမွေ တရားရုံးရှေ့မှာ စောင့်မျှော်နေကြတဲ့ မြင်ကွင်းပါ။ ကားအဖြူရောင် တစ်စီး ထိုးဆိုက်လာပြီး ကားပေါ်က ရွှေည၀ါ ဆရာတော် ဦးပညာဝံသ ဆင်းလာတာကို တွေ့မြင်လိုက်ရလို့ ပြည်သူတွေက ၀မ်းသာအားရ အော်ဟစ်ကြွေးကြော်လိုက်တဲ့ အသံကြီး တစ်ခုပါ။

ဇွန်လ ၁၀ရက်နေ့ညက ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်ရှိ ပီနန် ဆရာတော်ကြီး ဦးစီး တည်ထောင်ခဲ့တဲ့ မဟာသန္တိသုခ ကျောင်းတိုင်ကြီးကို ရန်ကုန်တိုင်း သံဃနာယက စည်းကမ်းထိမ်း သံဃတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ရာပေါင်းများစွာက ၀င်ရောက်စီးနင်း ချိပ်ပိတ်ခဲ့မှုကြောင့် ပြည်သူတွေ အနေနဲ့ တုန်လှုပ်ခြောက်ခြားခဲ့ရပြီး အဲဒီလုပ်ရပ် အပေါ်မှာလည်း သံဃထုအတွင်း မကျေလည်မှုတွေ၊ ၀ိဝါဒ ကွဲပြားမှုတွေ များစွာပေါ်ပေါက် လာခဲ့ကြရပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ သတင်းဆိုးတွေက ပီနန် ဆရာတော်ကြီးရဲ့တပည့်တွေဖြစ်ကြတဲ့ လန်ဒန်ဓမ္မရံသီ ဆရာတော် ဦးဥတ္တရ (လန်ဒန်)၊ ဦးနန္ဒိယ၊ ဦးပညာသာရ၊ ဦးသုန္ဒရာသီရိနှင့် ဦးတေဇိဒ္ဓတို့ကို လူဝတ်လဲလိုက်ပြီး အင်းစိန် အကျဉ်းထောင်တိုက် အမှတ် ၅မှာ ချုပ်နှောင်ဖမ်းဆီးထား လိုက်ပြီဆိုတာ ပြည်သူတွေ ထပ်မံ ကြားသိ လိုက်ကြရပြန်ပါတယ်။ တဆက်တည်းမှာ သတင်းစာတွေ ဂျာနယ်တွေက တဆင့် ဇွန်လ ၂၀ ရက်နေ့မှ အဲဒီသံဃတော် ၅ပါးကို ရုံးထုတ် စစ်ဆေးမယ်ဆိုတာ သိထားကြတဲ့ ပြည်သူတွေ၊ ဒါယိကာ ဒါယိကာမတွေ၊ ရဟန်း သံဃတော်တွေဟာ အခုလို စုရုံးရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေည၀ါ ဆရာတော်ကြီးကို မော်တော်ယာဉ် အနီးမှာ ၈၈ မျိုးဆက်က မနီလာသိန်းနဲ့ မမီးမီးတို့က သွားရောက် ခရီးဦး ကြိုဆိုခဲ့ပါ တယ်။ ဇွန်လ၁၆ရက်နေ့ကလည်း  ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) က မောင်နှမတွေ အဖမ်းဆီးခံ ဆရာတော် ၅ ပါးကို ထောင်ဝင်စာ တွေ့ဆုံဖို့ သွားရောက်ခဲ့ကြပေမယ့်လည်း ထောင်အာဏာပိုင်တွေရဲ့ ငြင်းဆန်မှုကြောင့် မတွေ့ခဲ့ကြပါဘူး။

လူတွေ တဖြေးဖြေး များလာကြပါပြီ။ တာဝန်ရှိ ရဲတပ်ဖွဲ့တွေကလည်း ကားတွေနဲ့ရောက်ရှိ စောင့် ကြည့်နေကြပါပြီ။ ယာဉ်ထိန်းရဲ တွေကလည်း တရားရုံးရှေ့က ကားလမ်းကို ပိတ်ပေးလိုက်ရပါပြီ။ ရှေးလူကြီးသူမများ ပြောခဲ့တဲ့ စကားလို မစည်းကားအပ်တဲ့ အရပ်မှာ စည်းကားနေပါပြီ။

ရွှေည၀ါ ဆရာတော်ကြီးက “ပြည်သူတွေက အုပ်ချုပ်တဲ့ အစိုးရမင်းများက ရဟန်းသံဃတွေ၊ ပြည်သူတွေ အပေါ် မျှမျှတတ အုပ်ချုပ်စီမံဖို့ လိုအပ်ကြောင်း၊ ကောင်းရင်ကောင်းတယ်လို့ ထောက်ခံမှာ ဖြစ်သလို၊ မှားနေလည်း မှားယွင်းနေတာကို မကြောက်မရွံ ထောက်ပြ ဝေဖန်သွားမှာ ဖြစ်တယ်လို့ လော်စပီကာ အသေးလေးနဲ့ ပြောဆိုနေပါတယ်။ ပြည်သူတွေကလည်း လက်ခုပ်သံတွေ တဖျောင်းဖျောင်းနဲ့ အားပေးနေတဲ့ မြင်ကွင်းပါ။

နောက်မကြာခင် မကွေး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနဲ့ ရွှေဝါရောင် ဦးဆောင် ဆရာတော် ဦးဇ၀န (ဦးပြည်ကျော်) တို့လည်း အသီးသီး နောက်ပါ သံဃာတော်တွေ နဲ့အတူ ကြွရောက်လာကြပါတယ်။ တရားရုံးရှေးမှာတော့ ရဟန်းလူထု ပရိသတ် ထောင်ကျော်ဖြစ်နေခဲ့ပါပြီ။

မကွေး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခကလည်း ပြည်သူတွေကို နိုင်ငံတော်သမ္မတရုံး အကြံပေး မဟုတ်ပဲ အကြံပေးလို့ နေရာယူထားခဲ့သူ နှစ်ပေါင်းများစွာ အစိုးရ အဆက်ဆက် သံဃာတော်များ အပေါ် ဖိနှိပ်မတရားမှုတွေပြုလုပ်ခဲ့သူ ဦးအံမောင်ကြောင့် အခုလို ဖြစ်ရပ်ဆိုးတွေ ဖြစ်ခဲ့ရတာ ဖြစ်ကြောင်း ပြောဆို ဟောကြားခဲ့ပါတယ်။

ထိုအချိန်မှာပဲ ဗြိတိသျှ နိုင်ငံသားအဖြစ် ခံယူထားတဲ့ လန်ဒန် ဓမ္မရံသီ ဆရာတော် ဦးဥတ္တရ (လန်ဒန်) အတွက် တရားခွင်မှာ အသိသက်သေ ထွက်ဆိုဖို့၊ တရား စီရင်ရေး မြင်ကွင်းကို ကြည့်ရှူလေ့လာဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ တာဝန်ရှိသူတွေ တရားရုံးထဲ ၀င်ရောက်သွားတာတွေ မြင်နေရပါတယ်။ သတင်းထောက်တွေလည်း တရားရုံးထဲ ၀င်ရောက်ခွင့် ကဒ်ပြားတွေ လုပ်နေ ခဲ့ကြပါတယ်။

နံနက် ၉ နာရီခန့်မှာ Town Ace အဖြူရောက် အလုံပိတ်ကား ၂ စီးနဲ့ အဖမ်းဆီးခံ ဆရာတော် ၅ ပါးကို တာမွေ တရားရုံးသို့ ၀င်ရောက်လာချိန်မှာတော့ ပြည်သူ လူထုကြီးဟာ အတင်းဝိုင်းဝန်းကြကာ “မတရား အဖမ်းဆီးခံ ဆရာတော်များ ပြန်လွှတ်ပေး” “အပြစ်မဲ့ သံဃာတော်များ ချက်ချင်းလွှတ်” “သာသနာဖျက် ဦးအံ့မောင်အကြံပေးမှ ထွက်ပေး”ဆိုတဲ့ ကြွေးကြော်သံတွေကို တခဲနက် အော်ဟစ် တောင်းဆိုကြပါတော့တယ်။ ရဲတပ်ဖွဲ့တွေကလည်း ပြည်သူတွေကို တောင်းပန်းရင်း ထိန်းကြသိမ်းကြနဲ့ မြင်ကွင်းက ရင်နင့်ဘွယ်ရာပါ။

ထိုအချိန်မှာ ကားပေါ်က အင်္ကျီအဖြူ လည်ကတုံးနဲ့ ကချင်ပုဆိုးကို သံင်္ဃန်းဧကသီလို ၀တ်ဆင်ထားတဲ့ ဆရာတော် ၅ပါးဟာ ပြည်သူတွေကို လက်ကလေးတွေပြရင် ဆင်းလာကာ တရားရုံးတွင်း ၀င်ရောက်လာခဲ့ကြပါတယ်။ ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့ ပြည်သူလူအုပ်ကြီးဟာ ဆရာတော်တွေ နောက်က အတင်း တရားရုံးထဲ လိုက်ဝင်လာကြတော့ တရားရုံးကြီး ပြည့်လျှံသွားလို့ သံတခါးတွေကို ပိတ်ချလိုက်ရတယ်။ ဒါအပြင် တရားရုံး ၀န်းတံခါးကိုလည်း ပိတ်လိုက်ကြတယ်။ လမ်းမပေါ်မှတော့ စိတ်ထိခိုက်ကြေကွဲမှုတွေ မတရားမှုကို မခံစားနိုင်တဲ့ ပြည်သူတွေဟာ ကြွေးကြော်သံတွေနဲ့ အော်ဟစ် ဆန္ဒတွေ ဖော်ထုတ်နေကြတဲ့ မြင်ကွင်းကတော့ စိတ်ထိခိုက်စရာပါ။

အဖမ်းဆီးခံ ဆရာတော် ၅ပါးကို တရားရုံး အောက်ထပ်က အခန်းတစ်ခုမှာ ကြွရောက်လာကြတဲ့ ရွှေည၀ါ ဆရာတော်၊ ဆရာတော် ဦးပါမောက္ခ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၊ ဦးဇ၀န(ဦးပြည်ကျော်)၊ ထိုင်းနိုင်ငံ ချင်းမိုင်က ကြွရောက်လာတဲ့ ရွှေတွံတေး ဆရာတော်တို့က တွေ့ဆုံနှုတ်ဆက် အားပေးစကားတွေ ပြောခဲ့ကြပါတယ်။

မကြာခင်မြို့နယ် တရားသူကြီး ဦးသန်းဇော်ရဲ့ တရားခွင် အပေါ်ထပ်ကို တက်ရောက်ခဲ့ကြပါတယ်။ တရားခွင်မှာ တိုင်းတရားသူကြီး အဖွဲ့မှ ကိုယ်စားလှယ်၊ မြို့နယ်ဥပဒေ အရာရှိ၊ တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူးတို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးမှ တာဝန်ရှိသူများနှင့် သုံးထပ်ကျောင်း ဆရာတော်ကြီး အပါအ၀င် သက်ကြီးဝါကြီး ဆရာတော်ကြီးများကို တွေ့မြင်ရပါတယ်။

ထိုအချိန်မှာ အဖမ်းဆီးခံ ဆရာတော် ၅ ပါးအတွက် အာမခံ လျှောက်ထားရေး အတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် ရှေ့နေကြီးများကလည်း ဒါယိကာ၊ ဒါယိကာများကို စတင်စာရင်း ကောက်ယူ ခဲ့ကြပါတယ်။ ဒေါ်ခင်သန်းနွယ်၊ ဦးမိုးဝင်တို့ အပါအ၀င် ဒါယိကာ၊ ဒါယိကာမများမှ အမည်၊ မှတ်ပုံတင်၊ ပိုင်ဆိုင်မှု စတာတွေ လျှောက်လွှာပုံစံမှာ ရေးသွင်းနေကြပါတယ်။ တရားခွင် စတင်စစ်ဆေးရာမှာ ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူးမှ တရားလိုအဖြစ် တရားရုံးသို့ ဆရာတော် ၅ပါးအား သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ ပုဒ်မ(၁၄)တို့နဲ့ အရေးယူပေးဖို့ ဦးတိုက်လျှောက်ထားခြင်း ဖြစ်သည့်အတွက် တရားလိုဖြစ်သူကို ဖြစ်စဉ်နှင့်တကွ စတင် စစ်ဆေးပါတော့တယ်။ တိုင်းသာသနာရေး ဦးစီးမှူးရဲ့ အစစ်ခံချက်များ အပြီးမှာ နေ့လည် ဆွမ်းစားချိန် ရောက်ရှိသဖြင့် နံနက် ၁၁း၁၅မှာ ခေတ္တရပ်နားပြီး အဖမ်းဆီးခံ ဆရာတော် ၅ပါးနှင့် ဆရာတော်များ ဆွမ်းဘုန်း ပေးခဲ့ကြပါတယ်။ လူဝတ်ကြောင် ၀တ်ဆင်ထားပေးမယ့် ရဟန်းဝိနည်း ဥပဒေအရ သိကာချခြင်း၊ ပါရာဇိက ကျခြင်းများ မရှိသည့်အတွက် ရဟန်းအဖြစ်ပင် ရှိနေသေးတယ်ဟု ရွှေည၀ါ ဆရာတော်ကြီးနှင့် ကျန်သော ထေရ်ကြီးဝါကြီး ဆရာတော်များက ခွင့်ပြုသဖြင့် အဖမ်းဆီးခံ ဆရာတော် ၅ပါး နှင့်အတူ ဆွမ်းဘုန်းပေးခဲ့ကြပါတယ်။

နေ့လည် ၁၂း၃၀ခန့်မှ စွပ်စွဲခံသူများဘက်မှ ရှေ့နေကြီးများမှ တရားလိုဖြစ်သူ တိုင်း သာသနာရေးမှူးအား ပြန်လှန်မေးခွန်းများ ထုတ်ရာ တရားရုံးတော်သို့ တင်သွင်းသည့် အရေးယူရန် ညွှန်ကြားသော ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ကိုယ်စား လက်မှတ်ရေးထိုးထားသည့် အထောက်အထား စာတွင်လည်းကောင်း၊ နိုင်ငံတော် သံဃာမဟာ နာယက အဖွဲ့မှ ညွှန်ကြားသည့် အထောက်အထား စာတွင်လည်းကောင်း၊ အဖမ်းဆီးခံ ဆရာတော်များအား အာမခံပေးနိုင်သည့် သံဃ အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ပုဒ်မ(၁၄)ဖြင့်သာ အရေးယူ ဆောင်ရွက်ရန် ပါရှိနေပြီး အာမခံ မပေးနိုင်သော သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် အရေးယူရန် တစ်စုံတစ်ရာ ရေးသားညွှန်ကြားထားမှု မရှိကြောင်း လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားစွာ ပေါ်လာခဲ့ ပါတော့တယ်။

ထိုပြန်လှန် မေးခွန်းအပေါ် တိုင်းသာသနာရေး ဦးစီးမှူးမှ တိကျသော အဖြေမပေးနိုင်ပဲ နောက်ဆုံးတွင် အဆိုပါ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ၂၉၅(က)အား ၄င်း၏ပုဂ္ဂလိက ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း ၀န်ခံထွက်ဆိုသွားသည်ကို ရှေ့နေ ဦးနေလက ပြောကြားခဲ့ပါတယ်။

“သာသနာရေး ဌာန တိုင်းဦးစီးမှူးကို စစ်ပါတယ်၊ စစ်တဲ့အခါ ကျတော့ ကျွန်တော်တို့ အဓိကအားဖြင့် ခုခံချေပတာက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အမိန်ညွှန်ကြားချက်နဲ့ မကိုက်ညီတဲ့ အပိုင်းပေါ့နော်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ကိုယ်စားလက်မှတ် ရေးထိုးထားတဲ့ သူတို့ညွှန်ကြားချက်ထဲမှာ မပါတဲ့ ပြစ်မှုနဲ့ တရားစွဲတဲ့ အပိုင်းကိုပဲ ကျွန်တော်တို့ ပြန်လှန်စစ်မေးခြင်း ပြုခဲ့ပါတယ်။ ၂၉၅(က)နဲ့ တရားစွဲဖို့ ညွှန်ကြားချက်မှာ မပါပါဘူး၊ အဓိကအားဖြင့် တရားစွဲဆိုတဲ့ အပိုင်းမှာ သူတို့ဆီကပေးတဲ့ ညွှန်ကြားချက်နဲ့ ကျော်လွန်ပြီးတော့ တရားစွဲဆိုတဲ့ အပိုင်းကိုပဲ ကျွန်တော်တို့က ပြန်လှန် စစ်မေးခြင်း ပြုခဲ့ပါတယ်”

ဒါ့အပြင် နိုင်ငံတော် သံဃနာယက အဖွဲ့ရဲ့ သာသနာရေး ဦးစီးဌာနကို အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားချက်မှာလည်း သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀အရသာ အရေးယူဖို့ ပါရှိနေပြီး၊ ၂၉၅(က)နဲ့ တရားစွဲဖို့ ညွှန်ကြားချက်မှာ မပါပါဘူး၊ သူ့ရဲ့ ထွက်ဆိုက်ချက်မှာ မဟာနက နှုတ်မိန့် ပေးလို့ပါဆိုပြီး ခုခံထွက်ဆိုပေမယ့်၊ တရားရုံးမှာ တင်ပြတဲ့ အထောက်အထား သက်သေမှာ ၂၉၅(က)နဲ့ တရားစွဲဖို့ မပါရှိတဲ့အတွက် နောက်ဆုံး ပြန်လှန် မေးမြန်းချက်မှာ သူ့ရဲ့ပုဂ္ဂလိက ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း ပေါ်လွင် သွားခဲ့ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

၎င်းအပြင် အဖမ်းဆီးခံ ဆရာတော်များကို တရားရုံးရဲ့ ကြိုတင် ဖမ်းဝရမ်းမရှိပဲ ဇွန်လ ၁၀ ရက်နေ့ညမှ ဇွန်လ ၁၃ရက်နေ့အထိ ကမ္ဘာအေး ကုန်းမြေ သုံးထပ်ဆောင်မှာ ထိန်းသိမ်းထားခဲ့ခြင်း ရှိမရှိ ပြန်လှန်မေးခွန် ထုတ်ခဲ့တယ်လို့ သိရပြန်ပါတယ်။ ဆိုလိုသည်မှာ ပြန်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ရဲ့ တည်ဆဲတရား ဥပဒေများအရ တရားရုံး၏ အမိန့်၊ ၀ရမ်းခွင့်ပြုချက် မရှိပဲ မည်သူ့ကိုမဆို ၂၄ နာရီထက် ကျော်လွန်ပြီး ချုပ်နှောင်ထားခြင်း မပြုနိုင်ဘူးဆိုတာကို ပေါ်လွင်စေရန်ဖြစ်ပါတယ်လို့ သိရှိရပါတယ်။

ထိုသို့ လျှောက်လဲချက်ပေးရာမှာ နိုင်ငံတော်၏ တရားဥပဒေတွင် (အာမခံ မပေးနိုင်သော ပြစ်မှုများ) နှင့် (အာမခံပေးနိုင်သော ပြစ်မှုများ)ဟူ၍ အုပ်စုနှစ်ခုသာ ခွဲခြားထားပါကြောင်း ထိုသို့အုပ်စုခွဲခြား ထားပါသော်လည်း တစ်ချို့သော သေဒဏ် အထိ ပြစ်ဒဏ်ကျနိုင်သော ပြစ်မှုကြီးမျိုးကိုပင် တရားရုံးမှ မဟုတ်ပဲ ရဲစခန်းမှပင် လိုအပ်ချက်ရှိလာခဲ့လျှင် အာမခံပေးနိုင်ခဲ့သည်ကို တွေ့ရမှာဖြစ်ကြောင်း စွပ်စွဲခံ ရဟန်းတော် ၅ပါးမှာလည်း တရားရုံးချိန်းများသို့ မလာရောက်ပဲ ထွက်ပြေးတိမ်းရှောင် ရင်မဆိုင်မည့် သူများ မဟုတ်သည်ကို အာမခံနိုင်ပါကြောင်း၊ ယနေ့စတင် စစ်ဆေးချိန်မှာလည်း အာမခံ မပေးနိုင်သော ပြစ်မှုဖြစ်သည့် သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုရန်လည်း တရားလိုမှ တရားရုံးတော်သို့ တင်ပြသည့် အရေးယူရန် ညွန်ကြားချက် အထောက်အထားများ ဖြစ်သော တိုင်းဒေသကြီး အစိုးရ ညွန်ကြားလွှာနှင့် နိုင်ငံတော် သံဃ နာယက အဖွဲ့၏ ညွန်ကြားလွှာများတွင် မပါဝင်သည်မှာ  ပေါ်ပေါက်နေပြီ ဖြစ်ပါကြောင်း၊ မဟန ဆရာတော်ကြီး တစ်ချို့၏ နှုတ်မိန့်ကြောင့်ဟု တရားလိုမှ ဖြေကြားခဲ့သော်ခြင်း အပေါ်တွင်လည်း သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနသည် (၄၇)ပါး စုံညီနိုင်ငံတော် သံဃနာယက လက်အောက်ခံလား၊ နိုင်ငံတော် အစိုးရအဖွဲ့ လက်အောက် ခံလားဆိုတာ မေးခွန်းထုတ်ရတော့မည့် အခြေအနေမျိုး ဖြစ်လာပါကြောင်း၊ နောက်ဆုံး အနေဖြင့် လျှောက်လဲချက် ပေးရပါလျှင် ယခုကဲ့သို့ စွပ်စွဲခံ ဆရာတော်များအား ဖမ်းဆီးချုပ်နှောင်ခြင်း အတွက် ပြည်သူတစ်ရပ်လုံး စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်နေပါကြောင်း သို့ဖြစ်ပါသဖြင့် အာမခံ လျှောက်ထားမှုအပေါ် လက်ခံချမှတ်ပေး နိုင်ပါရန်ဟု လျှောက်လဲချက် ပေးအပ်ခဲ့သည်ကို ကြားသိခဲ့ရပါတယ်။

တာမွေမြို့နယ် တရားသူကြီးမှ လျှောက်လဲချက် အပြီးတွင် ရုံးတော်ကို ခေတ္တ ရပ်နားပါတယ်။ ရုံးတော် ပြန်စချိန်မှာ မြို့နယ် တရားသူကြီး ဦးသန်းဇော်မှ တရားလိုဖြစ်သူ တိုင်းသာသနာရေးမှူး နှင့် မြို့နယ် ဥပဒေ အရာရှိတို့အား အာမခံချက် လျှောက်ထားမှု အပေါ် ကန့်ကွက်ရန် ရှိမရှိ မေးမြန်းရာ ကန့်ကွက်ရန် မရှိကြပါကြောင်းနဲ့ ယခုအမှုမှာ ဦးတိုက်မှုသာ ဖြစ်ပါကြောင်း ဖြေကြားခဲ့ကြပါတယ်။

ညနေ(၄း၄၀) အချိန်တွင် တာမွေမြို့နယ် တရားသူကြီးမှ အာမခံချက် လျှောက်ထားချက် အပေါ် ခွင့်ပြုပြီး သိန်း ၁၀၀တန် အာမခံဖြင့် အချုပ်လွတ် အမှုရင်ဆိုင်ရန် အမိန့်ချမှတ်ပေးခဲ့ပါတယ်။

ထိုအခြေအနေနဲ့ စပ်လျဉ်းပြီး “အပြင်က အခြေအနေတွေ အရ အာမခံက ပေးရတော့မှာ။ တရားရုံး အပြင်ဘက်က လူအုပ်က အာမခံမပေးရင် အခြေအနေ ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့် အာမခံ ပေးလိုက်ရတာ” ဟု ဆရာတော်များဘက်မှ ရှေ့နေတစ်ဦး ဖြစ်သူ ဦးဝင်းထိန်ကလည်း ပြောဆို ခဲ့ပါတယ်။

အာမခံ လျှောက်ထားနေချိန်မှာ တရားရုံးရှေ့ လမ်းမပေါ်ရှိ ပြည်သူထောင်ကျော်ကလည်း “အပြစ်မဲ့ သံဃာတော်များ ချက်ချင်းလွှတ်” “သာသနာဖျက် ဦးအံ့မောင် အကြံပေးမှ ထွက်ပေး” ဆိုတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်နေကြတဲ့ အပြင် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး သံဃာတော်များမှလည်း ဆန္ဒထုတ်ဖော် ပြသနေခဲ့ကြပါတယ်။

အမိန့်ချပြီးနောက် ဆရာတော် (၅)ပါးအတွက် အာမခံ ဒါယိကာ ဒါယိကာမများမှ အာမခံခံဝန် လက်မှတ်များ ရေးထိုးပေးကြပြီး၊ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲမှူးကြီးမှလည်း အာမခံရ ဆရာတော်များကို သီတင်းသုံးမည့် သုံးထပ်ကျောင်း အထိ လိုက်ပါ ပို့ဆောင်ပေးရန် မေတ္တာ ရပ်ခံခဲ့ပါတယ်။

ညနေ (၅) နာရီအချိန်မှာတော့ တစ်နေ့လုံး နေပူမိုးရွာထဲမှာ အမှန်တရား အတွက် စောင့်မျှော် နေကြတဲ့ ပြည်သူတွေရယ်၊ တရားရုံးအတွင်းထဲမှာ နေ့လည်စာ ထမင်းအငတ်ခံပြီး သတင်း စောင့်ယူကြ၊ သတင်းတင် ပေးနေကြတဲ့ မီဒီယာသမားတွေရယ် အားလုံးဟာ အမှန်တရားရဲ့ တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်နိုင်ပြီဆိုတဲ့ ၀မ်းသာစိတ်တွေနဲ့ မကွေး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခနဲ့၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူတို့ ဦးဆောင်ကာ တာမွေရုံးရှေ့မှ သုံးထပ်ကျောင်းအထိ လမ်းလျှောက် ချီတက်လာခဲ့ကြပါတယ်။ အဲဒီ နောက်ကမှ အာမခံရရှိပြီးတဲ့ ဆရာတော်(၅)ပါး တင်ဆောင်လာတဲ့ ရန်ကုန်တိုင်း ခရိုင်ရဲမှူးကြီး လိုက်ပါပို့ဆောင်တဲ့ Town Aceကားနောက်က လိုက်ပါလာပါတယ်။ ထိုမြင်ကွင်းနဲ့ အောင်ပွဲကို မြင်တွေ့ကြရတဲ့ ရပ်ကွက်နေ ပြည်သူတွေကလည်း လက်အုပ်ချီမိုးပြီး ၀မ်းမြောက်ဝမ်းသာ ကြည်နူး ၀မ်းမြောက် နေခဲ့ကြပါတယ်။

သုံးထပ်ကျောင်း အ၀မှတော့ ရွှေည၀ါ ဆရာတော်ကြီး ဦးဆောင်ပြီး သတင်းရလို့ ကြိုတင်ရောက်ရှိ စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေ နဲ့ ဆရာတော်တွေ မဟာသန္တိသုခ ကျောင်းတိုက်မှာ သီတင်းသုံး နေကြစဉ် နေ့စဉ် ဆွမ်းကပ်နေကြတဲ့ ရပ်ကွက်နေ ပြည်သူများကတော့ မျက်ရည် မဆယ်နိုင်အောက် ငိုကြွေးကြလျက် ဓမ္မပူဇာများ ရွတ်ဆိုကြိုဆိုခဲ့ကြပါတယ်။ သုံးထပ်ကျောင်း ဆရာတော်ကြီးကတော့ ငွေဖလားကြီးထဲမှာ ပရိတ်ရေတွေနဲ့ အောင်သပြေပန်းနဲ့ အသက်အရွယ်နဲ့မမျှ သူ့ကျောင်းဝမှာ ပြန်လာကြတဲ့ ဆရာတော် ၅ပါးကို မျှော်နေတဲ့ မြင်ကွင်းဟာ မျက်ရည်မဆည်နိုင်အောင် ကြေကွဲ စရာပါ။

ကျောင်းသို့ ဆရာတော်များ ရောက်ရှိလာခဲ့ပြီးနောက် သုံးထပ်ကျောင်း ဆရာတော်ကြီးက ဦးဆောင် သံဃာအဖြစ် တာဝန်ယူလျက် လူဝတ်လဲ ခံထားရတဲ့ ဆရာတော်၅ပါးကို အလှူရှင်များက သံင်္ဃန်းများ ပြန်လည်ကပ်လှူခဲ့ကြပြီး ရဟန်းဝတ်အဖြစ် ပြန်လည် ရယူတော်မူကြပါတယ်။

ထို့နောက် ဆရာတော် ဦးဥတ္တရက သင်္ဃန်း ပြန်ဝတ်အပြီးမှာ ရောက်ရှိနေကြတဲ့ ဒါယိကာ၊ ဒါယိကာမ နယက ဖြစ်ပေါ်လာဖို့ရန် အတွက် နိုင်ငံတော် ဗဟိုဝန်ဆောင်တွေဆိုတာ တကယ်တန်းကျတော့ လွှတ်တော် ကိုယ်စားလှယ်တွေပါပဲ၊ အဲဒီလွှတ်တော်ကိုယ်စားလှယ် သံဃာတော်တွေဟာ သံဃာတော်တွေ အတွက် တရားစီရင်တာ မျှတတယ်၊ မမျှတဘူးဆိုတာကို အခုအချိန်မှာ ၀ိုင်းဝန်းပြီးတော့ စဉ်းစားရန်နှင့် ပြုပြင်နိုင်ကြပါစေလို့ ဒီနေ့ပဲ ၅ သိန်းကျော်ရှိတဲ့ ဆရာတော်တွေကို ဒီနေရာကနေပဲ ပန်ကြားလျှောက်ကြားရင်းနဲ့ မှန်ကန်တဲ့ တရားစီရင်ရေးများ အမြန်ဆုံးပေါ်ပေါက် နိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ မဟာသန္တိသုခကျောင်းတိုက်ကို ချိပ်ပိတ်စီးနင်းခဲ့တဲ့ တရေားဟာ သံဃာနဲ့နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့အကြား၊ နိုင်ငံတော် သံဃနာယက အဖွဲ့နဲ့ အစိုးရအဖွဲ့ အကြားသွေးကွဲမှု၊ အမြင်မကြည်လင်မှု၊ မယုံကြည်မှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဇွန်လ ၂၀ရက်နေ့ရဲ့အဖမ်းဆီးခံ ဆရာတော် ၅ပါးကို အာမခံဖြင့် ပြန်လွှတ်ပေးလိုက်တဲ့ ဖြစ်ရပ်အပေါ်မှာတော့ ပြန်လည်ဆွေးနွေးပြီး ရင်ကြားစေရေးကို ဦးတည်နိုင်ခဲ့ပါပြီ။

မေတ္တာတရား ကြီးမားကြတဲ့ သက်တော်ရှည် နိုင်ငံတော်သံဃ နာယက ဆရာတော်ကြီး အနေနဲ့လည်း ယခုလို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့မှုအပေါ် သာဓုခေါ်ဆိုကြမယ်လို့ ယုံကြည်မိပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်ရှိစဉ်တုန်းကတောင် တစ်စုံတစ်ယောက်ရဲ့ မဟုတ်မမှန် ပြောဆိုမှုအပေါ် တဖက်နဲ့တဖက် အထင်အမြင်လွဲမှားမှုတွေ ရှိခဲ့တာကို ဖတ်မှတ်မိပါတယ်။ ဒါကြောင့် ယခုလို အထင်အမြင် လွဲမှားမှုမျိုးတွေ ငြိမ်းအေးနိုင်အောင် နိုင်ငံတော်အစိုးရ၊ သာသနာရေး ၀န်ကြီးဌာနနဲ့ နိုင်ငံတော် သံဃနာယက ဆရာတော်ကြီးတွေ အနေနဲ့ မေတ္တာရှေ့ထားကာ တရားရုံးတော်ပေါ်မှာ စွဲဆိုထားတဲ့ အမှုကိုအပြီးသတ် ရုတ်သိမ်းပေးလိုက်မည် ဆိုပါက ပြည်သူများ အတိုင်းထက် အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါပေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

စစ်မှန်တဲ့ နိုင်ငံသားတွေ အနေနဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်နဲ့ တရားမျှတခြင်းနဲ့ ငြိမ်းချမ်း အေးမြခြင်းနှင့် လျော်ညီစွာ ဗုဒ္ဓသာသနံ စိရံတိရတုလို့ အကြိမ်ကြိမ်အဖန် ဖန်ရွတ်ဆို ကြွေးကြော်လျက် အမျိုး၊ ဘာသာ၊ သာသနာအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ပါရစေလို့ ဆုတောင်းမိနေပါတော့ တယ်။

ကျော်စွာမြင့် (၁၉၈၈-၉၂ ဗကသ)

 

Category: 

Share