ထိုင်းနိုင်ငံ၌ အသတ်ခံခဲ့ရသော မြန်မာနိုင်ငံသားကို မြန်မာသံရုံးအကူအညီဖြင့် သင်္ဂြိုလ်ခွင့်ရ

ဘန်ကောက်တွင် ပြီးခဲ့သော ဇွန်လ ၂၂ရက်နေ့က ပျောက်ဆုံးနေပြီး နှစ်ပတ်အကြာတွင်မှ ရုပ်ပျက်ဆင်းပျက်ဖြင့် ပြန်လည်တွေ့ရှိခဲ့ရသော မြန်မာနိုင်ငံသား အမျိုးသား၏ ရုပ်အလောင်းကို မြန်မာသံရုံး တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) တို့မှ ပူးပေါင်းပြီး သက်ဆိုင်ရာထံမှ တောင်းယူကာ ထုံးတမ်းစဉ်လာနှင့်အညီ ကောင်းမွန်စွာ သင်္ဂြိုလ်ခွင့် ရရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အမျိုးသားသည်  ယခုနှစ် ဇွန်လ၂၂ရက်နေ့တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကာ နှစ်ပတ် အကြာတွင် ပြန်လည်တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါ သေဆုံးသူမှာ တနင်္လာရီ တိုင်းဒေသကြီး၊ လောင်လုံ မြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ကာ ၊ ထိုင်းနိုင်ငံ၊ နကပထုန် နယ်မြေ အတွင်းတွင် ဇနီးဖြစ်သူနှင့်အတူ နေထိုင်ပြီး ထိုင်းနိုင်ငံ အတွင်းဝင် ရောက်ကာ အလုပ်လုပ်ကိုင်နေသော မြန်မာပြောင်းရွှေ့ အလုပ်သမား တစ်ဦးဖြစ်ကြောင်း၊ ပြီးခဲ့သော ဇွန်၂၂ရက်နေ့တွင် အိမ်သို့ပြန်ရောက်လာခြင်း မရှိပဲ ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာသို့ အမှုဖွင့် တိုင်ကြားပြီးနောက် ပစ္စည်းလုယူ အသတ်ခံရသည်ဟု သိရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အဖွဲ့ (MAT)မှ သိရသည်။

တရားခံဟု ယူဆရသော မြန်မာနိုင်ငံသား ၃ဦးကိုလည်း ရွှေလာရောက်ရောင်းချစဉ် ထိုင်းရဲများက ခြေရာခံ ဖမ်းဆီးခဲ့ကြောင်းနှင့် အဆိုပါ တရားခံများကို ယခု အချိန်တွင် နကပထုန်နယ်မြေ ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ယခင်ကတည်းက ထိုင်းနိုင်ငံ နေရာ အနှံ့အပြားတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ အကာအကွယ်ပေးမှုနှင့် အရေးယူ ဆောင်ရွက်ပေးမှုများမှာ အင်မတန် အားနည်းနေသည်ဟု ၎င်းအဖွဲ့ကဆိုသည်။

 

Category: 

Share