အရက်တုများကို စီမံချက်ဖြင့် ဖမ်းဆီးရန်လို

မြန်မာနိုင်ငံတွင် အသည်းရောဂါဖြင့် သေဆုံးသူ လူငယ်အရေအတွက် မြင့်တက်လာခြင်း၊ လူငယ်များ အရက်သောက်သုံးမှု များပြားလာခြင်းမှာ ဈေးသက်သာစွာဖြင့် ရောင်းချနေသော အရက်တုများကြောင့်လည်း ဖြစ်သည်ဟု ပြည်တွင်း အရက်ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာတစ်ဦးက ပြောသည်။

“အရက်တွေထဲမှာ ရောင်းရတဲ့ အရက်တွေဖြစ်တဲ့ မန္တလေးရမ် အရက်တုကို အရင်က မန္တလေး အောင်မြင်သာစံ၊ ပုလင်းဝင်းမှာ လုပ်တယ်။ နောက်ပိုင်း အဖမ်းအဆီးများလာတော့ မန္တလေး ပတ်ဝန်းကျင် မြို့သစ်တွေမှာ တစ်ရက်တစ်နေရာ ပြောင်းပြီးလုပ်တယ်။ အော်ဒါမှာသလောက် လုပ်တယ်။ မန္တလေးရမ်ကို အိုပီနဲ့ရောစပ်၊ သကြား ကြိုထည့်ပြီး လုပ်တယ်။ Grand Royal ၀ီစကီကိုလည်း အတုလုပ်တယ်။ နိုင်ငံခြား အရက်တွေဖြစ်တဲ့ Balck Labelတို့ Red Lableတို့ကိုလည်း လုပ်တယ်။ ဆိုင်ကြီးတွေနဲ့ စားသောက်ဆိုင်တွေကို နိုင်ငံခြား အရက်တုတွေ ပို့တယ်။ Red Lable သွင်းဈေးက ကျပ် ၈၀၀၀နဲ့ Balck Label သွင်းဈေးက ကျပ် ၁၂၀၀၀ ရှိတယ်။ မန္တလေးရမ် အတုကို မန္တလေးက အခြေခံလုပ်ပြီး ကသာ၊ ဗန်းမော်၊ တောင်ကြီး လမ်းကြောင်းတွေကို ပို့တယ်။ မကွေးနဲ့ အောင်လံကတော့ မန္တလေးရမ်အတု အများဆုံးလုပ်တဲ့ နေရာပဲ။ နာမည်ကြီး အရက်ချက် စက်ရုံတစ်ခု ကလည်း အာမီရမ်နဲ့ မန္တလေးရမ်ကို အတုလုပ်တယ်။ မန္တလေးရမ် အစစ် ရောင်းရသလောက် အတုကလည်း ရောင်းထွက်နေတယ်။ အာမီရမ် အတုကလည်း ဖာပေါင်း လေးသိန်းလောက် ထွက်နေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

ယင်းနှင့်ပတ်သတ်၍ အရက်ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း “ယမကာ သောက်သုံးသူတွေက အာမခံချက် မရှိပဲ အရက်တုတွေ သောက်ပြီး ရောဂါမျိုးစုံ ရနေကြတယ်။ တရားဥပဒေ စိုးမိုးမှုမှာ တာဝန်ရှိတဲ့သူတွေ အနေနဲ့လည်း ဒါဟာ အရက်ကုမ္ပဏီတွေနဲ့ အရက်တု ထုတ်တဲ့သူတွေကြားက စီးပွားရေး ပြဿနာလို့ မမြင်ဘဲ အမျိုးသား ကျန်းမာရေး အတွက်ပါ ထည့်သွင်းစဉ်းစားပြီး အရေးယူပေးစေချင်တယ်။ အခုဖြစ်နေတာက အရက်တု ဘယ်နားမှာ ချက်နေတယ်ဆိုတာ သေသေချာချာသိပြီး ဖမ်းဖို့ ရဲကို သတင်းပို့တာနဲ့ တကယ်သွားဖမ်းရင် အဲဒီနေရာ မရှိတော့ဘူး။ ရွှေသမင် ဘယ်ကထွက်ထွက် မင်းကြီးတာကတော့ မဖြစ်စေချင်ပါဘူး။ မိုဘိုင်းအဖွဲ့တွေ အနေနဲ့ ပြည်ပက တရားမ၀င် တင်သွင်းတဲ့ အရက်တွေ ဖမ်းနေသလို ပြည်တွင်းက အရက်တုတွေကိုလည်း နှိမ်နင်းပေးစေချင်ပါတယ်” ဟု Tomorrowသို့ ပြောပြခဲ့သည်။

အရက်တုများကြောင့် သောက်သုံးသူများ ကျန်းမာရေး ထိခိုက်သလို နိုင်ငံတော် အတွက်လည်း အဆိုပါ အရက်တုများ ရောင်းချမှုပေါ်မှ မည်သည့် အခွန်အခမှ မရရှိသဖြင့် နိုင်ငံအတွက် မိအေးနှစ်ခါနာ ဖြစ်နေကြောင်း၊ စက်ရုံများမှ ချက်လုပ်သည့် အရက်များမှာ သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း ချက်လုပ်သဖြင့် သောက်သုံးသူများကို အန္တရာယ် မဖြစ်စေကြောင်း၊ သို့သော် အရက်တုများသည် အိုပီများကို သကြားလှော်ပြီး အရောင်တူရန် ပြုလုပ် ရောင်းချသဖြင့် လည်းကောင်း၊ အရက်ဖြူအတွင်း ဓာတုပစ္စည်းများ ထည့်ပြီး အရောင်နှင့် အနံ့တူရန် ပြုလုပ်သဖြင့် လည်းကောင်း သောက်သုံးသူများ အတွက် များစွာ အန္တရာယ်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဆရာဝန် တစ်ဦးထံမှ သိရသည်။

 

Category: 

Share