(သမီးတော် ရာဇ၀င် - ၅) ဧည့်ခန်းထဲက အပုံကြီး၊ ဘယ်သူပါတာလဲဟေ့ - လက်စောင်းထက်

စစ်အာဏာရှင် သာဂိကြီးရဲ့ ပုဂံညောင်ဦး ခရီးစဉ်မှာ အဲဒီ့အချိန်က နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူက ထိုင်ကန်တော့ခဲ့ဖူးပါတယ်။ ညဘက် နိုင်ငံတော် ဧည့်ရိပ်သာမှာ သာဂိကြီးက အတူပါလာတဲ့ ၀န်ကြီးတွေနဲ့ထိုင်ပြီး စကားစမည် ပြောနေချိန်မှာပေါ့။ အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးက ဆက်တီပေါ်ကနေ ကြမ်းပေါ်ကိုဆင်းပြီး သာဂိကြီးကို လက်အုပ်ချီလိုက်တယ်။ ပါးစပ်ကလည်း ကျွန်တော် သံအမတ်ကြီး အဖြစ်နဲ့ နိုင်ငံပေါင်းများစွာမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံ့ခေါင်းဆောင်တွေ အများကြီးနဲ့ ထိတွေ့ ဆက်ဆံဖူးပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးလို ဉာဏ်ပညာကြီးမားတဲ့၊ ထက်မြက်တဲ့၊ အမြော်အမြင်ရှိတဲ့ တိုင်းပြည်အတွက် နေ့မအိပ် ညမအိပ် ကြိုးပမ်းဆောင်ရွက်တဲ့ ခေါင်းဆောင်မျိုး မတွေ့ခဲ့ဖူးပါဘူး။ ဒါကြောင့် ကျွန်တော့် ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုလွန်းလို့ ကန်တော့ပါရစေဆိုပြီး ကန်တော့ပန်းဆင်လေတော့ ဆက်တီပေါ်က ကျန်ဝန်ကြီးတွေလည်း ရောယောင်ပြီး ကြမ်းပေါ်ဆင်းလို့ လိုက်ကန်တော့ ရခဲ့ဖူးပါတယ်။ ပြီးမှနောက်ကွယ်က ဆဲကြတာပေါ့လေ။

အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးဟာ ဘယ်ဝန်ကြီးကမှ မကြံစည်ဖူးတာ တစ်ခုလည်း လုပ်ခဲ့ပါတယ်။ ဒါကတော့ သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ အတွင်းဝန်ရာထူး အသီးသီးနဲ့ ခန့်အပ်လိုက်တာပါပဲ။ ဒီလို အသားကုန်ဖားခဲ့ပေမယ့် သူ့ရဲ့ နောက်ဆုံးခရီးကတော့ မလှပခဲ့ပါဘူး။ စာမဖွဲ့လောက်တဲ့ ပြစ်မှုနဲ့ အထိန်းသိမ်းခံရပြီး အကျဉ်းထောင်ထဲမှာပဲ ဘ၀ဇာတ်သိမ်းခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဒီလူကြီးက ငါတို့ကို မတန်မရာ ရာထူးတွေ ပေးပြီး ဥရောပက ပိတ်ဆို့ထားချိန်မှာ ငါတို့ကို ဥရောပနိုင်ငံတွေမှာ သံအရာရှိ အနေနဲ့ နေခဲ့ဖူးအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါလားဆိုတဲ့ စိတ်မျိုးလည်း သူတို့ရင်ထဲမှာ ပေါ်ခဲ့ဟန် မတူပါဘူး။

အဲဒီ့ သွားလေသူ နိုင်ငံခြားရေး ၀န်ကြီးကောင်းမှုနဲ့ သမီးတော် အသီးသီးဟာ နိုင်ငံခြားက မြန်မာသံရုံးတွေကို ရောက်ပြီး အမွှေဇာတ်တွေ ခင်းကြပါတော့တယ်။ သမီးတော် တစ်ပါးကတော့ ဥရောပက သံရုံးတစ်ရုံးကို ရောက်ပါတယ်။ အဲဒီမှာနေတုန်း တစ်နေ့မှာ သံအမတ်ကြီး ကတော်က သူ့ရဲ့မွေးနေ့ပွဲကို မြို့ထဲက ဟိုတယ်တစ်ခုမှာ လုပ်မှာဖြစ်လို့ သမီးတော် ကြွရောက်ချီးမြှင့်ပေးဖို့ ဖိတ်ကြားပါတယ်။

သမီးတော်ကလည်း ပွဲကို ကြွချီလာပါတယ်။ ဒါပေမဲ့ သံအမတ်ကြီး ကတော်ရဲ့ မွေးနေ့ပွဲ စမယ်အလုပ်မှာ သမီးတော်က သူဗိုက်အောင့်လှချည်ရဲ့လို့ အော်ပါတော့တယ်။ အားလုံးလည်း ပျာယာခတ် ကုန်တာပေါ့။ ဒါနဲ့ မွေးနေ့ရှင် သံအမတ်ကြီး ကတော်နဲ့ ခင်ပွန်း သံအမတ်ကြီးတို့က ပွဲကိုဖျက်ပြီး သမီးတော်ကို ဆေးခန်းပို့ဖို့ ကားနဲ့ခေါ်လာတော့ သမီးတော်က ဆေးခန်း မသွားချင်ဘူး။ အိမ်ပြန်မယ်လို့ အမိန့်တော်ချပါတယ်။ အိမ်ရောက်လို့ သမီးတော်က ကားပေါ်ကဆင်းပြီး ပြောသွားတဲ့ စကားတစ်ခွန်းကတော့ မှတ်သားလောက်ပါတယ်။ ကျွန်မ ဘာမှမဖြစ်ဘူး။ တမင် အန်တီ့ မွေးနေ့ပွဲကို ဖျက်လိုက်တာတဲ့။ ဒီတော့ အရင်အပတ်တွေက ပြောဖူးသလို ဒီမိသားစုက သူများတွေ ပျော်ရွှင်နေရင် ကြည့်မရဘူးဆိုတဲ့ စကားက မမှန်ပေလားဗျာ။

နောက်တစ်ယောက်ကတော့ ပိုဆိုးတယ်လို့ ပြောရလိမ့်မယ်။ သူက အိမ်နီးချင်းနိုင်ငံကြီး တစ်ခုရဲ့ သံရုံးမှာ တာဝန်ကျတယ်။ အမှန်က တာဝန်ကျတာ မဟုတ်ပါဘူး။ အစိုးရ ရာထူးနဲ့ နိုင်ငံခြားမှာ အလည်သွားနေတာပါ။ သံတမန်ဆိုတော့ တော်ရုံ အရူးကြော ထရင်လည်း သံတမန် ကင်းလွတ်ခွင့်တွေ ဘာတွေနဲ့ အရေးယူ မခံရနိုင်ဘူးလေ။ အဲဒီ့ သံရုံးမှာ သမီးတော်က သံအမတ်ကြီးရဲ့ စံအိမ်တော်မှာ စံမြန်းတော်မူပါတယ်။ သံအမတ်ကြီးကတော့ ဘေးနားက သံအရာရှိငယ် တစ်ယောက် အိမ်ကို ပြောင်းပေးရပါတယ်။ သမီးတော်က စံမြန်းတာမှ ရိုးရိုးစံမြန်းတာ မဟုတ်ဘဲ ဧည့်ခန်းထဲမှာ သူထိုင်ဖို့ ဆက်တီ တစ်လုံးသာထားပြီး ကျန်ဆက်တီတွေကို ဖယ်ရှားလိုက်ပါတယ်။ သဘောကတော့ လာတဲ့ဧည့်သည်ဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး သူ့ကို စကား ပြောရမယ်ပေါ့။ သံအမတ်ကြီးက ကြမ်းပေါ်မထိုင်ချင်လေတော့ အဲဒီ့အိမ်ကို အခေါ်ခံရလေတိုင်း မတ်တပ်ရပ်ပြီးပဲ စကားပြောလေ့ရှိပါတယ်။ ဒီအချက်ကို သမီးတော်က မကျေနပ်ဘူး။ တစ်နေ့တော့ ငါ့အကြောင်း ကောင်းကောင်း သိရစေမယ်လို့လည်း စိတ်ထဲက အကြံထုတ်နေပုံ ရပါတယ်။ မကြာပါဘူး။ တစ်နေ့မနက်မှာတော့ သံရုံးရဲ့ သန့်ရှင်းရေး ၀န်ထမ်းနဲ့ သမီးတော် ပြဿနာ အကြီးအကျယ် တက်ပါတော့တယ်။ ဘာပြဿနာလဲဆိုတော့ သမီးတော်က သူစံမြန်းနေတဲ့ သံအမတ်ကြီးရဲ့ အိမ်က ဧည့်ခန်းထဲက ကြမ်းပြင်ပေါ်မှာ အီအီးပုံကြီးပါချထားပြီး အဲဒီ့နိုင်ငံသူ သန့်ရှင်းရေး ၀န်ထမ်းကို ကျုံးခိုင်းတဲ့အတွက်ပါ။ အဲဒီ့နိုင်ငံမှာက ၀န်ထမ်းခန့်ချင်ရင် ကိုယ့်သဘောနဲ့ ကိုယ်ခန့်ခွင့် မရှိပါဘူး။ အဲဒီနိုင်ငံက နိုင်ငံခြားရေး ဗျူရိုမှာ လိုချင်တဲ့ ၀န်ထမ်းကို ငှားရတာပါ။ ဒီတော့ ဟိုကပေးတဲ့ ၀န်ထမ်းဆိုတာကလည်း ဘယ်လိုလူတွေ ပေးမလဲဆိုတာ သိလောက်ကြပါရဲ့။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံက သံရုံးတွေ အတွက်ဆိုရင် အထူးလေ့ကျင့်ထားတဲ့ အေးဂျင့်တွေကိုပဲ အလုပ်သမား အသွင်ယူပြီး ပေးမှာလေ။ အဲဒီ့နိုင်ငံက သန့်ရှင်းရေး အသွင်ယူ ထောက်လှမ်းရေး အေးဂျင့်မလေးမှာတော့ သူ့ဘ၀တစ်လျှောက် မကြားဖူးတာတွေ ကြားလိုက်ရလို့ ဒေါသ အမျက် ချောင်းချောင်း ထွက်သွားပါတယ်။ သမီးတော်က သူ့အီအီးပုံကို ကျုံးခိုင်းလို့ပါ။

ပြဿနာက သံအမတ်ကြီးဆီ ရောက်လာပါတော့တယ်။ သံအမတ်ကြီးက အပြေးအလွှားလည်း သွားကြည့်ရော ဧည့်ခန်းထဲက ကြမ်းပေါ်မှာ အနံ့အသက်ဆိုးလှတဲ့ အီ အီးပုံကြီးက မြင်မကောင်းအောင် နံစော်နေတာ တွေ့လိုက်ရပါတယ်။ ဟိုနိုင်ငံသူဝန် ထမ်းကလည်း သူ့အလုပ်ထဲမှာ ဒါမပါလို့ မကျုံးရေးချ မကျုံးဘူး။ နောက်ဆုံးမတော့ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေက အဲဒီ့ အီအီးပုံကြီးကို သန့်ရှင်းရေး လုပ်လိုက်ကြရပါတော့တယ်။ အဲဒီ့ခေတ်က သံအမတ်ကြီးတွေဟာ နိုင်ငံတစ် နိုင်ငံမှာ သုံးနှစ်စီ တာဝန် ထမ်းဆောင်ရကြပေမယ့် ပြေလည်ရင် ပြေလည်သလို နှစ်ပိုထားတာတွေ၊ အသက် ၆၀မှာ ပင်စင်ယူရပေမယ့် ပြေလည်ရင် ပြေလည်သလို Extensionပေးပြီး ထပ်မံတာဝန် ထမ်းဆောင်ခွင့်တွေ ရကြပေမယ့် အဲဒီ့သံအမတ်ကြီးကတော့ အသက် ၆၀ပြည့်တာနဲ့ တစ်ခါတည်း ပင်စင်တင်လိုက်ပါတော့တယ်။ အဲဒီ့ သံအမတ်ကြီးက တပ်မတော်က ဗိုလ်မှူးချုပ် ရာထူးကနေ သံအမတ်ကြီး ဖြစ်သွားတာ။ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ အချိန်မှာ အဲဒီ့အဖြစ်အပျက်ကို မခံစားနိုင်လွန်းလို့ သူ့သူငယ်ချင်းဝန်ကြီးတွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေကို ပြောပြရင်း အခုမှ ငါလည်း ၀ဋ်ကျွတ်တော့တာပါပဲကွာဆိုပြီး ပြောတော့ အားလုံးက ခေါင်းတညိမ့်ညိမ့်နဲ့ မင်းက အိုဇာတာ အတော်ညံ့ရှာတာပဲဆိုပြီး အဲဒီ့အငြိမ်းစား သံအမတ်ကြီးကို ၀ိုင်းသနားနေကြလေရဲ့။

လက်စောင်းထက်

 

Category: 

Share