ရာဇ၀င်ထဲက အလင်းရောင် - အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)

စကြာဝဋ္ဌာအကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖတ်ဖူးတယ်။ သင်ယခုမြင်နေရတဲ့ ကြယ်တွေဟာ အခုရှိနေတဲ့ ကြယ်တွေမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်တည်ခဲ့တဲ့ ကြယ်တွေပါတဲ့။ အလင်းနှစ်များစွာကို ဖြတ်သန်းပြီးတော့မှ သင့်ထံရောက်လာတာပါ။ မျက်မြင်ကို ကြည့်ပြီး စင်္ကြာဝဋ္ဌာပြင်မှာ အခုတည်နေတဲ့ ကြယ်လို့သင်ထင်နေတာပါဆိုတဲ့ စကားက ဒီစာပန်းချီကားကို ရေးဖို့အကြောင်းရင်းပါပဲ။ ဟုတ်တယ် မိုးကောင်းကင်ကြီးမှာ ကြယ် များစွာဟာ ဖြစ်တည်နေတယ်။ ဒါဟာ ပစ္စုပ္ပန်ကာလ မဟုတ်တော့တာ သေချာတယ်။ အကျွန်ုပ်တို့ ယနေ့မြင်နေရတဲ့ ကောင်းကင်ပြင်ကြီးဟာ အတိတ်ရုပ်ပုံ ကားချပ်ကြီးပါပဲ။ နှစ်သန်းပေါင်းများစွာ ကြာအောင် ချီတက်ခဲ့ရတဲ့ သူရဲ့ဇွဲ ပင်ကိုယ်က မခမ်းခြောက်တဲ့ စွမ်းရည်တွေကြောင့် ယခုလို လင်းလက် တောက်ပနေတဲ့ ကြယ်တွေအဖြစ် မြင်ကြရတာ မဟုတ်လား။

ရာဇ၀င်ထဲမှာ ထားလို့မရသူတွေဟာ အတိတ်ထဲက ပစ္စုပ္ပန်အထိ ခုန်ထွက်လာ လျှံကျလာတဲ့ သူတို့ရဲ့ စွမ်းရည် သတ္တိတွေကြောင့်လို့ဆိုရင် မှားမယ်မထင်ဘူး။ နိုင်ငံသမိုင်းရဲ့ မိုးကောင်းကင်မှာ ကြယ်စင် များစွာ တောက်ပလင်းလက်နေပါတယ်။ ဟိုးရှေးကဆိုတဲ့ မမှီလိုက် မတွေ့လိုက်ရတဲ့ အနေအထား အဖြစ်အပျက်တွေထက် သိလိုက်မိ ကြားလိုက်မိတာကို ပြောချင်ပါတယ်။ လက်တစ်ကမ်းက စကားတွေ အဖြစ်အပျက်တွေထဲက ပြောရရင် အောချမည့်သူတွေလဲ ရှိနေပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြောပြချင်တယ်။ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲအပေါ် ရင်ဆိုင်ကြပုံတွေကို နောက်လူတွေကို လက်ဆင့်ကမ်းထားခဲ့ချင်ပါတယ်။

၁၉၉၀လောက်က အင်းစိန်ထောင်ထဲ နေခဲ့ဘူးသူတွေရဲ့ ယုံကြည်ချက် ဒိုင်ယာရီထဲမှာ စက်တင်ဘာ ၂၅ဆိုတာ ဖျက်မရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ အဲဒီနေ့ရဲ့ စာမျက်နှာထဲမှာ အော်ဟစ်ငြီးငြူသံတွေဟာ ဆူညံနေပါတယ်။ အော်ဟစ်သံတွေကို ဖုံးအုပ်ဖို့ လေးဘက်လေးတန်က ဖွင့်ထားတဲ့ သီချင်းသံတွေကလည်း အဲဒီတစ်နေ့လုံးကို မင်းမူနေပါတယ်။ သူတို့အမှတ်မိဆုံး သီချင်းကတော့ စာဥ သီချင်းပါပဲ။ ဟင်္သာတ ထွန်းရင်ရဲ့ ကြည်နူးဖွယ် တေးသီချင်းသံနဲ့ ကာရံဖုံးအုပ်ထားတဲ့ အောက်မှာတော့ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကိုတွေ့ရမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၅ကို ဖြတ်ကျော်ခဲ့သူတိုင်း မမေ့မပျောက်ပြောကြ။ နှုတ်မှတ်တမ်းတင်ကြတာ မပါမဖြစ်ကတော့ စာဥပါပဲ။ စာဥလို့ ဆိုလိုက်တာနဲ့ သူတို့ရဲ့ နာကျည်းခဲ့ရတဲ့ နေ့ရက်တွေကို ပြန်လည် ပုတ်နှိုးလိုက်တာပါ။ အသစ်လိုဖြစ်သွားတာချည်းပါပဲ။ ဒီ စက်တင်ဘာ၂၅ရဲ့ သမိုင်းကို သိမှီ တကယ်ပါဝင်ခဲ့သူတွေက ဖွင့်ဟထားခဲ့ဖို့ လိုပါလိမ့်မယ်။ အဖြစ်အပျက်တွေကို ဒီအတိုင်းထားခဲ့ရင် မြစ်ချောင်းတွေလိုပဲ တိမ်ကောသွားမှာ ရေလမ်းကြောင်း ပြောင်းသွားမှာ စိုးပါတယ်။ ကိုယ်ဖြတ်သန်းခဲ့ရတာတွေကို မခြွင်းမချန် နှောင်းလူတွေကို ဖွင့်ဟထားခဲ့ဖို့ လိုနေပါပြီ။ အာဏာရှင်တို့ရဲ့ သမိုင်းပုံဖျက်မှုတွေဆိုတာ အနာဂတ် မျိုးဆက်သစ်တွေဆီ အမွေဆိုးကို လက်ဆင့်ကမ်းနေတာပါ။ အခုရေးနေတဲ့ စာသားတွေက စက်တင်ဘာ ၂၅သမိုင်း မဟုတ်ပါဘူး။ ထိုကာလ ထိုအချိန်က ဖြတ်ကျော်ခဲ့ကြတဲ့ ရဲဘော်များရဲ့ သမင်လည်ပြန် စကားတွေမှာ နာကျည်းတောက်ခတ်သံတွေကို ကြားရသလို ကိုယ်မွေးထားတဲ့ ၀န်ထမ်းတွေရဲ့ကျွေးထားတဲ့ လက်ကို ပြန်ကိုက်တဲ့ ကိစ္စပါ။ ဒါဟာ ကျေးဇူး မသိတတ်ခြင်းကို ပုံဖော်ပြောဆို နေမှန်းကြားသိသူတိုင်း ခံစားမိမှာပါ။ လေးစား တန်ဘိုးထားမိတာကတော့ အရိုက်ခံရသူတိုင်းရဲ့ နောက်ဆုံးပိတ် ပြောတတ်တဲ့ စကားကိုပါ။ ဒါကတော့ သူတို့ကျောနဲ့ ရင်းလိုက်ကြတယ်တဲ့။ နောက်လေးစားတာ တစ်ခုက အနိဋ္ဌာရုံကို ရယ်မောဟားတိုက်တဲ့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ကိုပါ။ ကျေးဇူးသိတတ်သူ တစ်ချို့ရဲ့ လုပ်ရပ်ကြပြန်တော့လဲ ကြားရသူတွေ စိတ်ချမ်းသာစရာပါ။ ဆရာ ဒေါက်တာအေးချမ်း ပြောပြဘူးတဲ့ သူ့ကိုယ်တွေ့လေးကတော့ စိတ်ဝင်စားစရာပါ။ သူ့ကိုလာခေါ်တဲ့သူက သူနဲ့ တစ်တန်းတည်း သူငယ်ချင်း။ သူကထောင်မှူး ကိုယ်က အကျဉ်းသား ဖြစ်နေတဲ့အချိန်။ နာမည်ကိုပါ ဆရာက မကြာခဏ ပြောပြလို့ အလွတ်ရနေပါတယ်။ ထောင်မှူး အမည်က ပြုံးချို။ နာမည်လေးက လှပါပေ့။ နာမည်နဲ့ စိတ်နဲ့ကတော့ တစ်ခြားစီ ဖြစ်နေတာပါ။ သူ့မှာသူငယ်ချင်းဆိုတဲ့ အသိစိတ်ကတော့ ရှိချင်ရှိမှာပါ။ “သူငယ်ချင်းထွက်မယ်” ဒီလိုခေါ်ပြီး အခန်းပြင် ခေါ်ထုတ်ပေမယ့် “လက်ထိပ်ခတ်မယ်” စကားသံနဲ့အတူ ဆရာကို ခေါင်းစွပ်စွပ်လိုက်တော့တာပါတဲ့။ သူငယ်ချင်းမို့လို့ ပြလိုက်တဲ့ လက်စွမ်းကို ဆရာ တော်တော်ခံလိုက်ရတယ်။ တစ်ကိုယ်လုံး နေရာလပ် မရှိလို့ဆိုရမယ်။ သူ့ဘေးမှာလဲ နိုင်ငံရေးသမား များစွာတို့ရဲ့ ငြီးငြူသံတွေကို ဆရာကြားနေရတယ်တဲ့။ အသားကို ဂန်းပိုက်ထိတဲ့ အသံ၊ နာကျင်လို့ အော်မြည်သံတွေက ဆူညံနေတယ်။ လူပေါင်းများစွာကို လက်ထိပ်ခတ် ခေါင်းစွပ်ပြီး ရိုက်ရဲတဲ့ သတ္တိရှင်တွေကတော့ အံ့သြလောက်ပါပေတယ်။ ဒီအချိန်မှာ ကံကြမ္မာက ဘယ်သဘောနဲ့ ဆရာထံ ရောက်လာတယ်မသိ။ အသံ တစ်သံကို ဆရာ ကြားလိုက်ရတယ်တဲ့။

“ဟိုတိုက်က လူကြီးလားဆရာ ကျွန်တော့်ကို ရစ်ထားတာ ပညာပေးရမယ်။ ပေး ကျွန်တော့်ကို” ဆရာ့ သူငယ်ချင်း ကျောင်းနေဖော်ကြီးက သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးကို လက်ဆောင်တွေ တနင့်တပိုးပေးပြီး သူ့လို အစွမ်းရှိမည်ထင်သူကို လက်လွှဲသွားတယ်။ အခုလူရောက်လာတာဟာ ဆရာ့ အတွက် စက်တင်ဘာ ၂၅ရက် အကြောင်းတွေကို ပြောတိုင်း မပါ မဖြစ်ပါရမယ့် အဖြစ်အပျက် တစ်ခု ဖြစ်သွားရတယ်။ “ဆရာ ဘာမှ မကြောက်နဲ့ ကျွန်တော်ရှိတယ်” ဒီလိုပြောတဲ့ ၀န်ထမ်းက တစ်သက်လုံး အမှတ်ရစရာတွေပေး သွားခဲ့တယ်။ အခြားနေရာက ရိုက်ပြီးလာကြတဲ့သူတွေက လက်စွမ်းပြချင်တဲ့ စကားသံတွေနဲ့ ပြောဆိုလာတဲ့အခါ သူက အကာအကွယ်ပေးခဲ့တယ်။ “ငါရိုက်လို့ ခဏနားနေတာ ဆက်ရိုက်ဦးမှာ” ရောက်လာတဲ့ ၀န်ထမ်းများကို ဆရာဆီမလာရန် သူအကာအကွယ် ပေးခဲ့တယ်။ ဒီဝန်ထမ်း အကာအကွယ်နဲ့ ဆရာ့ ကျောပေါ်ဒုတ်ချက်တွေ မကျရောက်တော့ဘူး။ (ဆရာ့သူငယ်ချင်း ပြုံးချိုမှာ နောင်အခါ ထောင်ပိုင်ကြီး အဆင့်ထိဖြစ်ပြီး ကလေးရဲဘက် စခန်းတစ်ခု၌ မိမိကိုယ်ကို သတ်သေသွားသည်) စက်တင်ဘာ ၂၅ကို ဖြတ်သန်းခဲ့ဖူးသူတို့၏ ပြောစကားမှာ ကြားရသူတို့၏ ကျောကုန်းနှင့် ရင်ဘတ်ထဲအထိ ဒဏ်ရာတို့က ကျရောက်လာတယ်။ စ အရိုက်ခံစက ယောက်ျားပဲ အံကြိတ်ခံမယ်ဟု စဉ်းစားထားတာပါ။ ဆယ်ချက်လောက်အထိတော့ သိနေသေးတယ်။ နောက် အသားက လုံးဝမနာတော့ဘူး။ နောက် ဒုတ်ကျမှန်းတောင် မသိတော့ဘူး။ နောက်ဘာမှ မသိတော့ဘူး။ သတိရလို့ ကြည့်လိုက်တော့ အခန်းထဲမှာ တစ်ယောက်တည်း ဘယ်အချိန် ဘယ်ကာလက ရိုက်နှက်ပြီး အခန်းထဲ ဆွဲသွင်းထားသည် မသိတစ် ကိုယ်လုံး နာကျင်နေတာနှင့် သွေးတွေ အလိမ်းလိမ်း ပေကျံနေတဲ့ အ၀တ်အစားတွေကို ပထမဦးဆုံး သတိထားမိလိုက်တယ်လို့ ဆိုပါတယ်။ ကိုဂျင်မီ မကြာခဏ ပြောဖူးတဲ့ စကားတစ်ခွန်းကို မှတ်မိနေသေးတယ်။ သူ့ကိုရိုက်တော့ အံကြိတ်ပြီးတော့ ငါတော့ ဗိုလ်ချုပ် စိတ်ဓာတ်နဲ့ ခံကြည့်လိုက်မယ်ပေါ့။ ဒါနဲ့ တစ်ချက်၊ နှစ်ချက်၊ နောက်အချက်ပေါင်းများလာတော့ သူရဲ့ သတ္တိတွေနဲ့ ခုခံထားတဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ စွန်းထင်း ကုန်တယ်တဲ့။ အဲဒီအချိန်က ဒုချုပ် အုန်းဟန်ကို နင်ပဲငဆ ပြန်လှန် ပြောဆိုတဲ့ ဗိုလ်ကြီး စိုင်းဝင်းကျော်ရဲ့ သတ္တိပြောင်တဲ့ တုန့်ပြန်မှုကို နောက်လူတွေ ပြောမဆုံးဘူး။ နောက်ပြစ်ဒဏ် ပေးမယ်ဆိုတာ သိသိနဲ့ အဲဒီဒုချုပ် အုန်းဟန်ကိုပဲ ရဲဝံ့စွာ ရင်ဆိုင်ခဲ့တဲ့ ကဗျာဆရာ စာရေးဆရာ ရွှေဘုန်းလူ (တာရာမင်းဝေ)ရဲ့ အဖြစ်အပျက်တွေကတော့ နှစ်ဆယ့်ငါး စက်တင်ဘာထဲ မပါမဖြစ်တဲ့ ဇာတ်လမ်းတွေပဲနေမယ်။  အင်းစိန် တစ်ထောင်လုံး ငရဲပွက်တဲ့နေ့မှာ အပြင်လောက လူတွေကတော့ စာဥသီချင်းသံ တညံညံနဲ့ ထောင်ထဲလူတွေ အငြိမ့်သား ဖြစ်နေပြီထင်မှာ တကယ်တော့ ရာစု နှစ်များစွာ လူသားဂုဏ်သိက္ခာတွေကို ပြောဆိုကြတဲ့အခါ ဂုဏ်သိက္ခာ အဖျက်ဆီးခံရမှုရဲ့ လက်သည်တွေကိုတော့ ဘယ်သူမှ ချန်လှပ်ထားခဲ့တာ မဟုတ်ဘူး။ ဆရာဝန်ကြီး ဒေါက်တာ တင်မျိုးဝင်းကို တိုက်က ရဲဘော်တွေ ပြောမဆုံးအောင် ရှိကြတယ်။ ဒဏ်ရာဗလပွနဲ့ ဆရာ့ကို ဆွဲပြီး တိုက်ထဲ လှည့်ပြတာဟာ လူတစ်ယောက် ဂုဏ်သိက္ခာမဲ့အောင် အရှက်ရအောင် ပြစ်ဒဏ်ပေးတာပဲ မဟုတ်လား။

အာဏာရှင်တို့ရဲ့ ရည်ရွယ်ချက်ကတော့ မင်းတို့လေးစားရတဲ့ ဆရာဝန်ကြီးကိုတောင် ငါတို့ နှိပ်ကွပ်ပြလိုက်ပြီ။ မင်းတို့လည်း သဘောပေါက်ထားလို့ မက်ဆေ့ခ်ျမျိုး ပေးချင်တာထင်ပါတယ်။ ဒါပေမယ့် မြင်ရသူ အပေါင်းကတော့ ငါတို့ဆရာကို နှိပ်စက်နေပါလား တရားမှု လုံးဝမရှိဘူးဆိုတဲ့ အသိနဲ့ ဒီအာဏာရှင်တွေအပေါ် မြင်တဲ့အမြင်၊ ထားတဲ့ စိတ်ဓာတ်တွေက မာသထက်မာ၊ ခိုင်သထက် ခိုင်လာသူချည်းပဲ။

အဲဒီတုန်းက သူတို့တွေကို ချက်ခြင်းနေရာတွေ ပြောင်းပစ်တယ်။ နေရာပြောင်းတာက အင်းစိန်ထောင် ၀င်းထဲတင် ရွှေ့တာ မဟုတ်ပါဘူး။ တစ်ချို့ကို သရက် တစ်ချို့ကို သာယာဝတီ နေ့ချင်း ရွှေ့ပစ်တာပါ။ အရွှေ့ခံရသူတွေဟာ အိမ်နဲ့ ရက်ပေါင်းများစွာ ကြာတဲ့အထိ မတွေ့ကြရပါဘူး။ တစ်နေကုန် လက်စွမ်းပြ ခံထားရတဲ့ တစ်ကိုယ်လုံး ဒဏ်ရာတွေကို ဘယ်သူကမှ ဆေးမကုပေးပါဘူး။

တစ်ခါက စကားဝိုင်းတစ်ဝိုင်းမှာ ဆရာ အေးချမ်း ပြောနေတာကို အမှတ်ရလိုက်တယ်။ အန္ဒိယ၀န်ကြီးချုပ် မိုရာဂျီဒေဆိုင်းဟာ သွားလေရာမှာ ကြေးအိုးလေးတစ်လုံး အမြဲပါတယ်။ ပြောင်လက်နေတဲ့ အဲဒီကြေးအိုးဟာ သူရဲ့ဆေးတစ်ခွက်ပါပဲ။ ဆေးက တစ်ခြားက ရှာတာမဟုတ်၊ သူ့ခန္ဓာကိုယ်က စွန့်ပစ်တဲ့ ယူရီးယား ဓာတ်ကြွယ်ဝတဲ့ သောက်သုံးရေဟာ သူရဲ့ဆေးပါပဲ။ အဲဒီဆေးရဲ့ အစွမ်းထက်ပုံကိုလည်း အိန္ဒိယ ဆေးကျမ်းတွေမှာ ညွှန်းထားတယ်ဆိုပဲ။ ဒဏ်ရာများစွာကို သက်သာစေတဲ့ ဆေးဆိုတဲ့ စကားကိုတောင် ဆရာ ပြောနေတယ်ထင် ယ်။ ရက်ပေါင်းများစွာ အခန်း ကျဉ်းလေးထဲ ဒဏ်ရာတွေနဲ့ ပစ်ထားတုန်းက ဆရာတို့ အဖွဲ့တွေ အိန္ဒိယ ၀န်ကြီးချုပ်ရဲ့ ဆေးနဲ့များ ဒဏ်ရာကုသခဲ့ကြသလား မသိဘူး။ ရက်ပေါင်းများစွာ ကြာလာတော့ စက်တင်ဘာ ၂၅ရက်ကို ဖြတ်သန်းခဲ့ သူတိုင်းရဲ့ စကားလုံးသံတွေထဲမှာ ဒဏ်ရာတွေကို မေ့ထားလိုက်တယ်။ သောကတွေကို ရယ်မောပစ်တယ်။ ငါတို့ဟာ တိုင်းပြည်အတွက် ပေးဆပ်နေကြတာဆိုတဲ့ အတွေးတွေက သူတို့ဒဏ်ရာတွေကို ပျောက်ကင်းစေတယ်။ စိတ်ထဲက ထွက်နေတဲ့ သွေးတွေ တိတ်သွားစေတယ်။ မဖြစ်မနေ ကျော်ဖြတ်ရမယ့် ခရီးတစ်ခုကို ငါတို့ကျော်ဖြတ်နေပါလားလို့ ခံယူသူတွေ ချည်းကိုသာ တွေ့လိုက်ရတော့ သူတို့တွေကို မလေးစားဘဲ မနေနိုင်ဘူး။ အတိတ်ဆိုတာ ပြီသွားတဲ့ အရာပါ။ ဒါပေမယ့် အတိတ်ထဲမှာပဲ ချောင်ထိုးထားခဲ့ရမယ့် အဖြစ်အပျက်များစွာဟာလည်း ရှိနေမှာပါ။ ဘယ်လိုဖြစ်ဖြစ် အတိတ်မှာ ထားခဲ့လို့မရတဲ့ ရာဇ၀င်ထဲမှာ သော့ခတ်သိမ်းထားခဲ့လို့မရတဲ့ အဖြစ် အပျက် များစွာလည်း ရှိနေမှာပါ။ အတိတ်က သူတို့တွေ ရုန်းကန်ခဲ့ရ၊ ရင်ဆိုင်ခဲ့ရ၊ ဖြတ်သန်းခဲ့ရတာတွေရဲ့ ပြောင်မြောက်တဲ့ နေ့ရက်တွေဟာ နောက်လူတွေကို အားကျစရာ၊ အတုယူစရာ၊ အမွေတွေပေးနေတဲ့ အဖြစ်အပျက်တွေ များစွာဟာလည်း ရှိနေမှာပါ။ ဒီထဲမှာ ထောင်ထဲကတော့ သော့ခလောက် အထပ်ထပ်နဲ့ လူတွေမသိအောင် ဖုံးအုပ်ထားပေမယ့် လျှံကျလာပွင့် ထွက်လာမယ့် ရာဇ၀င်ထဲက သတ္တိခဲတွေရဲ့ နေ့ရက်တွေသာ ဖြစ်ပါလိမ့်မယ်။

အရှင်ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)

 

Category: 

Share