မီဒီယာ နှင့် သ၀ဏ်လွှာများကို လေ့လာဆန်းစစ်ခြင်း - ဇော်သက်ထွေး

အခုရက်ပိုင်းအတွင်းမှာ အစိုးရအဖွဲ့နဲ့ သတင်းမီဒီယာတွေကြားမှာ တင်းမာတဲ့ ဆက်ဆံရေး အခြေအနေ တစ်ရပ် ဖြစ်ပေါ်နေပါတယ်။ ဒီလိုဖြစ်လာတဲ့ အကြောင်းရင်းတွေကတော့ များပြား လှပါတယ်။ ၂၀၁၃ ခုနှစ် အတွင်းမှာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနကို ဖျက်သိမ်းပေးခဲ့တဲ့ အစိုးရဟာ သတင်း မီဒီယာသမား ၆ယောက်ကို ထောင်ထဲပို့ပစ်ခဲ့ပါတယ်။ ဒါနဲ့တင် အားမရသေးပဲ သတင်းသမား ၄ယောက်ကို အရေးပေါ် စီမံချက် အက် ဥပဒေနဲ့ အမှုဖွင့်ထားပြီး သတင်းသမား ၅၀ခန့်ကို ပုဒ်မ ၁၈နဲ့ တရားစွဲဆို ခဲ့ပါတယ်။ ဒီကြားထဲမှာ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ သတင်းတပ်ဖွဲ့က မီဒီယာတွေ၊ ဂျာနယ်တွေက အယ်ဒီတာတွေ ခေါ်ယူစစ်ဆေး မေးမြန်းမှုတွေ လုပ်နေပါတယ်။ ဒီအခြေအနေဟာ ဒီမိုကရေစီ စနစ်နဲ့ ချီတက်နေပါတယ်ဆိုတဲ့ အစိုးရ အပေါ်မှာ နိုင်ငံတကာကရော ပြည်တွင်းကပါ မေးခွန်းထုတ်ချင်စရာ ကောင်းပါတယ်။ ဒီအခြေအနေကို ပြုပြင်ပြောင်းလဲလိုတဲ့ အကြီးမားဆုံး မီဒီယာ အဖွဲ့အစည်း အဖြစ် သတ်မှတ်လို့ရတဲ့ စာနယ်ဇင်း ကောင်စီဟာ နိုင်ငံတော် သမ္မတ ထံကိုရော၊ ပြည်ထောင်စုလွှတ်တော် နာယကထံကိုရော မီဒီယာ သမားတွေရဲ့ စိုးရိမ်ပူပန်မှုကို ဖြေဖျောက်နိုင်ဖို့အတွက် စာတွေရေးသား ပေးပို့ခဲ့ပါတယ်။

ဒီစာပို့ပြီးပြီးချင်း နိုင်ငံတော် သမ္မတကိုယ်စား ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးက နေပြည်တော် မှာရှိတဲ့ ပြန်ကြားရေး ၀န်ကြီး ဌာန ရုံးခန်းမှာ တွေ့ဆုံလိုကြောင်း စာပြန်လည် ပေးပို့ခဲ့ပါတယ်။ ဒီစာအပေါ်မှာ စာနယ်ဇင်း ကောင်စီက အဖွဲ့ဝင်တွေကို အစည်းအဝေးခေါ်ပြီး သဘောထား မှတ်ချက်တောင်း ခံခဲ့ပါတယ်။ ကောင်စီဝင် အများစုက ပြန်ကြားရေး ၀န်ကြီးန တွေ့ဆုံပြီး သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ရဖို့ အကြိုညှိနှိုင်းခဲ့ ကြပါတယ်။ ဒီကြားကာလထဲမှာ မီဒီယာသမားတွေကလည်း လက်ရှိ အခြေအနေကို ပြန်လည် သုံးသပ်နိုင်ဖို့အတွက် မီဒီယာဖိုရမ်တွေ ပြုလုပ်ပြီး အဖြေရှာ ခဲ့ပါတယ်။

ဒီအခြေနေမှာပဲ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံကို သ၀ဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီသ၀ဏ်လွှာမှာ “လက်ရှိကာလသည် နိုင်ငံတော်တွင် ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေး စနစ်ကျင့်သုံးဖော်ဆောင်လျှက်ရှိပြီး သတင်းမီဒီယာ ကဏ္ဍကို စတုတ္ထမဏ္ဍိုင် အဖြစ် သတ်မှတ်နေရာပေး ဆောင်ရွက်လျှက်ရှိသော ကာလဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် အတွေ့အကြုံ နုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လို စိတ်ပြင်းထန်သည့် အတွက် အချို့ ကိစ္စများ၌ လွန်ကဲစွာ ရေးသား ပြောဆိုမှုများ ရှိနိုင်ပါကြောင်း၊ ပြည်ထောင်စု အစိုးရ အုပ်ချုပ်ရေး အဖွဲ့ အနေဖြင့် ထိုသို့သော ကိစ္စရပ်အချို့ အတွက် စိတ်ရှည်သည်းခံ၍ ဥပဒေနှင့်အညီ တရားမျှတမှု ရှိစေရန် ကြိုးစားလျှက်ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ သို့သော် သတင်းမီဒီယာ အချို့၏ လက်ရှိ ဖြစ်စဉ် ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင် ကောင်စီ(ယာယီ) နှင့် စာနယ်ဇင်း သတင်း မီဒီယာသမား အသီးသီး၏ တင်ပြလာမှုများကို လွှတ်တော် အနေဖြင့်လည်း အလေးထား စဉ်းစား သုံးသပ် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်ထောင်စု အစိုးရ အဖွဲ့အနေဖြင့်လည်း စဉ်းစား ဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့စဉ်းစား ဆောင်ရွက်ပေးမှုကို အချိန်မီ ရှင်းလင်း ဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိုးရိမ်စိတ်ပြေပျောက်ပြီး အထင်အမြင် လွဲမှားမှုများလည်း လျော့နည်ပပျောက်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမို အဆင်ပြေ ချောမွေ့နိုင်မည်ဟု ယူဆပါသဖြင့် သုံးသပ် ဆောင်ရွက်နိုင်ပါရန် ပေးပို့အပ်ပါကြောင်း” ပါရှိပါတယ်။ လွှတ်တော် နာယကရဲ့ စိုးရိမ်ပူပန်မှုနဲ့ မီဒီယာအပေါ် ထင်မြင်ယူဆချက်များဟာ မီဒီယာသမားတွေရဲ့ လတ်တလော ခံစားမှုတွေနဲ့ သိသိသာသာ ကွဲပြားခြားနားမှု မရှိခဲ့ပါဘူး။ ဒါ့အပြင် အုပ်ချုပ်ရေး မဏ္ဍိုင် အနေဖြင့် သတိပြုစရာ အခြေအနေတွေကို ရေးသားဖော်ပြထားတဲ့ အတွက် ပိုပြီးတော့တောင် ကျေးဇူးတင်စရာ ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံတော် သမ္မတက ဖွဲ့စည်း ပေးထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင် ကောင်စီ(ယာယီ)ရဲ့ စာရေးသား ပေးပို့မှုအပေါ် အသိအမှတ်ပြု လေးစား တန်ဖိုးထားမှုဟာလည်း ပေါ်လွင်ထင်ရှားနေပါတယ်။ ဒီမိုကရေစီ အကူးအပြောင်း နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ တစ်ဦးပေါ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုနှင့် တစ်ခုအပေါ် လေးစားမှု ပျက်ယွင်းတာတွေ၊ ယုံကြည်မှု ပျက်ယွင်းတာတွေကို နိုင်ငံရေး မျက်နှာစာမှာရှိတဲ့သူ အားလုံးက ချေဖျက်ပေးဖို့ တာဝန် ရှိပါတယ်။

လွှတ်တော်နာယက ပေးပို့တဲ့ သ၀ဏ်လွှာအပေါ်မှာ နိုင်ငံတော် သမ္မတကလည်း ပြန်လည်ပြီးတော့ သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီသ၀ဏ်လွှာထဲမှာ သတင်းမီဒီယာ ကဏ္ဍဖွံ့ဖြိုးဖို့ အစိုးရက အထူးအလေးထား ကူညီဆောင်ရွက်ပေး နေတယ်လို့ ဖော်ပြထားပေမယ့် အစိုးရ အဖွဲ့အောက်မှာရှိတဲ့ ၀န်ကြီးဌာန အားလုံးဟာ မီဒီယာနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတာ တစ်နိုင်ငံလုံး သဘောပေါက် နေကြပါတယ်။ သမ္မတရဲ့ သ၀ဏ်လွှာထဲမှာ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့် အဆင့်အတန်းဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေတယ်လို့ ဖော်ပြထားပေမယ့် အဲဒီလွတ်လပ်ခွင့်ကို အစိုးရက မည်သို့မည်ပုံ အာမခံပေးထားတယ်ဆိုတာ မဖော်ပြခဲ့ပါဘူး။ ဒီသ၀ဏ်လွှာထဲမှာ အမုန်းပွားစေမည့် ရေးသားပြောဆိုမှုများနဲ့ ဥပဒေမဲ့ လုပ်ရပ်များကို မည်သည့် နိုင်ငံသားကမှ လက်ခံလိုခြင်း မရှိကြောင်း ပြောထားပေမယ့် ပြုလုပ်တဲ့သူတွေဟာ ဘယ်လိုမီဒီယာ အမျိုးအစား ဖြစ်တယ်။ ဘယ်လိုလှုံ့ဆော်တယ်ဆိုတာ မဖော်ပြထားပါဘူး။ အဓိက ထောက်ပြလိုတဲ့ အချက်ကတော့ သမ္မတရဲ့ သ၀ဏ်လွှာထဲမှာ “ပြည်တွင်းပြည်ပ မီဒီယာ အချို့၏ မသင့်လျှော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီဖြစ်ကြောင်း၊ ကမ္ဘာ့ အလယ်တွင် သိက္ခာ ကျဆင်းမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့၏ မီဒီယာကို လွတ်လပ်မှုနှင့်အတူ တာဝန်သိသော၊ တာဝန်ရှိသော၊ ဂုဏ်သိက္ခာရှိသော မီဒီယာ ဖြစ်စေလိုကြောင်းနှင့် ဘက်လိုက်မှုကင်းပြီး ပြည်သူကို မှန်ကန်သော အသိပညာပေးသည့် မီဒီယာ ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြတာနဲ့ ပတ်သက်ပြီး မီဒီယာတွေက အဓိက တာဝန်ရှိသူတွေကို အတိအလင်း ညွန်းဆိုဖို့ ဆန္ဒရှိနေကြပါတယ်။ မီဒီယာဆိုတာကို ၀ါးလုံးရှည်နဲ့ ပတ်မရမ်းပဲ Online Media ဒါမှမဟုတ် Print Media  ဒါမှမဟုတ် Broadcast Media  မီဒီယာဆိုတာ ခွဲပြောမှ အဆင်ပြေပါလိမ့်မယ်။

နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံ အစိုးရ အက်ဥပဒေ ချိုးဖောက်မှုကြောင့် ယူနတီ ဂျာနယ်က အယ်ဒီတာတွေကို ထောင်၁၀နှစ်ချခဲ့ခြင်းဟာ တရားရေး မဏ္ဍိုင်က ဥပဒေနဲ့အညီ လွတ်လပ်စွာ တရားစီရင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေး အစိုးရ အဖွဲ့နဲ့ တိုက်ရိုက် ပတ်သက်ခြင်း မရှိဘူးလို့ ရေသား ဖော်ပြခဲ့တာဟာ ဒီမိုကရေစီ စနစ်နဲ့သွားမယ့် တိုင်းပြည်တစ်ခု အတွက် နားထောင်လို့ ကောင်းပေမယ့် နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားမှု အောက်မှာရှိနေတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနက မီဒီယာသမားတွေကို အရေးယူ ခြိမ်းခြောက် တရားစွဲဆိုမှုတွေနဲ့ ပတ်သက်လို့တော့ တိုက်ရိုက်တာဝန်ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါ့ကြောင့် နိုင်ငံတော် သမ္မတဟာ အနည်းဆုံး သတင်းတပ်ဖွဲ့က တာဝန်ရှိသူတွေကို “မီဒီယာသမားတွေကို ဖမ်းချင်ရင် ညဘက်မဖမ်းနဲ့ နေ့ဘက်ဖမ်း” လို့တော့ အနည်းဆုံး အမိန့်ပေးသင့်ပါတယ်။

ဇော်သက်ထွေး

 

Category: 

Share