ကျင့်ဝတ်အကြောင်း ပြောကြည့်ရအောင် - ဇာဂနာ

တကယ်တော့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖြစ်၊ တစ်ပိုင်းတစ်စ ဒီမိုကရေစီ ဖြစ်ဖြစ်၊ အာဏာရှင်နိုင်ငံပဲ ဖြစ်ဖြစ် လူတိုင်းလူတိုင်း ကိုယ့်ဖာသာ စောင့်ထိန်းရမည့် ကျင့်ဝတ်တွေက ရှိပြီးသားဖြစ်သည်။ သားသမီးလည်း သားသမီးအလျောက်၊ မိဘလည်း မိဘအလျောက်၊ ဆရာလည်း ဆရာအလျောက်ဖြစ်၏။  ဘယ်သူကမှ ထိန်းကျောင်း ပေးစရာမလို၊ ကိုယ့် အသိစိတ်ဓာတ်ဖြင့် ကိုယ်ထိန်းရမည်သာ။

ကျွန်တော်တို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံတော်သို့ ချီတက်မည် ဆိုလျှင်လည်း အခြေခံကျင့်ဝတ် ကတော့ လူတိုင်း စောင့်ထိန်းဖို့တော့ လိုသည်။ ဒီနေရာမှာ တိုင်းသူပြည်သားတွေ၊ ပြည်သူလူထုတွေ ကိုချည်း ကျင့်ဝတ်စောင့်ထိန်းဖို့ ပြောနေလို့တော့ မရချေ။ အစိုးရရော၊ အစိုးရ ၀န်ထမ်းရော၊ အာဏာ လက်ကိုင်သုံးသူများရော ကျင့်ဝတ်ကို ထိန်းကြဖို့ အလွန် အရေးကြီးသည်။

ကျွန်တော်တို့ တိုင်းပြည်တွင် ငါတကောကောပြီး ဘာကျင့်ဝတ်မှ စောင့်ထိန်းစရာ မလိုဆိုသည့် ယိုင်နဲ့နေသော စိတ်ဓာတ်ဖြင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ကြတာ နှစ်၅၀လောက်ဆိုတော့ အသားသေသွားမှာ စိုးပါသည်။

ဒီကနေ့ အခါတွင် ပြည်သူတွေ ကျင့်ဝတ်သိဖို့ စောင့်ထိန်းဖို့ တစာစာ ပြောသံကြားရသလို ကျွန်တော်တို့ကလည်း မင်းအစိုးရများ ကျင့်ဝတ် စောင့်ထိန်းဖို့ တဖွဖွ ပြောနေရပါဦးမည်။ ဒါမှလည်း ဒီမိုကရေစီ နည်းအရ အပြန်အလှန် ထိန်းကျောင်းရာ ကျပေမည်။

မီဒီယာတွေ ကျင့်ဝတ်စောင့်သိပါ ဆိုသော စကား၏ အခြား တစ်ဖက်မှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများကရော ကျင့်ဝတ် နားလည်ပါရဲ့လားဟု အပြန်အလှန် မေးခွန်းထုတ်စရာတွေက များလာသည်။ ကျင့်ဝတ်နှင့် မညီသော လုပ်ကိုင်မှုတွေ၊ ပြောဆိုမှုတွေကို ကြားနေရ၊ မြင်နေရတော့ ဝေဖန်စရာ ဖြစ်လာ၏။

ဒီမိုကရေစီ၏ ရသများထဲမှာ အရေးပါသော အချက် နံပါတ်(၅)ကို ဆွေးနွေးခွင့်ပြုပါ။ (ဒီနေရာမှာ ဒီမိုကရေစီ၏ ရသ၁၀ပါးကို နောင်ကျမှ တင်ပြပါရစေ။ စာရှည်သွားမှာ စိုးပါသည်)။ ရသနံ ပါတ်(၅)မှာ နိုင်ငံသားတိုင်း ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်သံန္နိဌာန်နှင့် ကိုယ်လွတ်လပ်စွာ နေထိုင်ခွင့် ရှိပါသည်။ ဒါ့အပြင် ကိုယ်နှစ်သက်ရာ ရွေးချယ်ထားသည့် စည်းကမ်းနည်းလမ်း(တစ်နည်း) ဥပဒေနှင့် နေပိုင်ခွင့် ရှိသည်ဟု ဆို၏။

ဒီတော့ ကျွန်တော်တို့ ပြောစရာ ရှိလာသည်။ ကျွန်တော်တို့ ငယ်စဉ်ဘ၀က သူငယ်ချင်းများနှင့် ကစားလျှင်ဖြစ်စေ၊ တစ်နေရာရာသို့ အလည်အပတ်သွားလျှင် ဖြစ်စေ အများသဘောတူသည့် အဖြေကို ညှိနှိုင်းအရယူပြီးမှ ကစားကြ၊ သွားကြရပါသည်။ အရေးကြီးတာက အများဆန္ဒ သဘောထားပင် ဖြစ်သည်။

ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ဥပဒေတစ်ခု ပြဋ္ဌာန်း တော့မည်ဆိုလျှင်

၁။ နိုင်ငံသားတိုင်းကို အသိ ပေးရမည်

၂။ နိုင်ငံသားတိုင်း ၀င်ရောက် ဆွေးနွေးပိုင်ခွင့်၊ ညှိနှိုင်းခွင့်၊ အပြန်အလှန် သုံးသပ်ခွင့် ရစေရမည်။ ပြီးမှ အားလုံး ကျေနပ်လောက်သည့် အဖြေကို အတည်ပြုရမည်။

၃။ သေချာတာ တစ်ခုကတော့ လူ၁၀၀ရှိလျှင် ၁၀၀လုံး ကျေနပ်ကြလိမ့်မည်ဟု ဘယ်တော့မှ မယူဆကြပါနှင့်ဟု ဆိုရမည်။ အများစု ကျေနပ်ဖို့သာ ဖြစ်နိုင်မည်။

ဒီတော့ ကျွန်တော်တို့ နိုင်ငံ၏ ဒီကနေ့ အချိန်အခါကို ဆိုကရေးတီးတို့ ခေတ်နှင့် နှိုင်းယှဉ်မရပါ။ ဆိုကရေးတီးလို နိုင်ငံသားတိုင်း ဥပဒေကို မကြိုက်သော်လည်း ဥပဒေကို လိုက်နာရမည်ဟူသော အချက်ကို ရာခိုင်နှုန်းအားဖြင့် ၄၀ခန့် လက်ခံထားပါမည်။ သို့သော် ဒီမိုကရေစီ နိုင်ငံတစ်ခု တည်ဆောက်မည်ဆိုက ဒီမိုကရေစီ ကျင့်စဉ်နှင့် ကျင့်ဝတ်ကို ဦးစွာ အလေးထားသင့်ပါသည်။ သို့ဆိုလျှင် အများက လက်ခံနိုင်သည့် အဖြေ တစ်ခုရအောင် (နိုင်ငံသား အများ ပါဝင်ဆွေးနွေး ဆုံးဖြတ်နိုင်ခွင့်ရှိသည့်) အနေအထား တစ်ခု ဖန်တီးပေးဖို့ လိုပါသည်။

ဒီမိုကရေစီ ကျင့်စဉ်အရ ဆိုပါလျှင် ပြည်သူတို့၏ ကိုယ်စားလှယ်များက ပြည်သူတို့၏ ကိုယ်စား  ဒီကိစ္စကို ဆွေးနွေးပေးကြမည်ဟုဆို၏။ ကျွန်တော်တို့လို ဥမှပေါက်ကာစ နိုင်ငံများတွင် ပြည်သူ့ ကိုယ်စားလှယ်များရော ပြည်သူပါ ၀ိုင်းဝန်းဆွေးနွေးကြဖို့ လိုပါသည်။

ဒီကနေ့ အချိန်မှာ ပြည်သူ အများစုက ပုဒ်မ(၁၈)နှင့် ပတ်သက်ပြီး ခံတွင်းမတွေ့ကြပါ။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်ဆိုပြီး တစ်ဖက်ကနေ ပိတ်ဆို့ထားသည်ဟုဆို၏။ အရေးယူမှုတွေ များလာသည် ဟုဆို၏။ သို့ဆိုလျှင် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ပြစ်တင်နေခြင်းက အဖြေရလာမည် မဟုတ်ပါ။ လွှတ်တော်က ဥပဒေပြုသည်။ တရားစီရင်ရေး မဏ္ဍိုင်က အမိန့်ချသည်။ ပြည်သူ့ဝန်ထမ်း ဖြစ်သော ရဲက ဥပဒေအတိုင်း လုပ်ဆောင်ရသည်။ ဒါက ပုံမှန်စီးဆင်းမှုဖြစ်၏။

သို့သော် လူထုကို အခွင့်အရေး တစ်ခုပေးဖို့ လိုနေပါသည်။ လူထုက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပိုင်ခွင့်၊ ညှိနှိုင်းပိုင်ခွင့်၊ သဘောထား ပေးပိုင်ခွင့် ပျောက်ဆုံးနေရသည်။ ဒီတော့ တရား ဥပဒေပြုရေး မဏ္ဍိုင်က ဦးဆောင်ပြီး လူထု အကျယ်အပြန့် ပါဝင်နိုင်သည့် ဆွေးနွေးပွဲတစ်ခု လုပ်ဖို့ လိုအပ်မည် ထင်ပါသည်။ ဒါသည်ပင် ဒီမိုကရေစီ ကျင့်စဉ်ဖြစ်သလို ဒီကနေ့ ကျင့်ဝတ်တွေ ပေါ်ထွက် လာပါလိမ့်မည်။ ထိုအခါကျမှ တကယ်စောင့်ထိန်း မထိန်း ကျွန်တော်တို့ စောင့်ကြည့်ကြလျှင် ကောင်းမည်လားဟု အကြံပြုလိုက်ချင်ပါတော့သည်။

ဇာဂနာ

 

Category: 

Share