အာဏာရှင်ဆန်နေသော ဆရာတော်အချို့ မည်သူမျှ အရေးမယူရဲဖြစ်နေဟု မောင်းတီးဆရာတော် မိန့်ကြား

ရှေးဟောင်း သမိုင်းဝင် မောင်းတီး စေတီတော် အတွင်းတွင် ကျူးကျော်နေထိုင်ကာ အာဏာရှင်ဆန်ဆန် ပြုမူနေသော ဆရာတော် အချို့အား ဥပဒေနှင့်အညီ အရေးယူပေးရန် အတွက် သက်ဆိုင်ရာသို့ တောင်းဆိုထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း မောင်းတီး ဆရာတော်မှ မိန့်ကြားခဲ့သည်။

အဆိုပါ ကျူးကျော် နေထိုင်သော ဆရာတော်များမှာ လွန်ခဲ့သော ၆နှစ် နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဘုရားထီးတော် ပျက်စီးခဲ့မှုကို ထီးတော်အစား ပြန်လည် အသစ်တင်ရန် ဇေကမ္ဘာ ဦးခင်ရွှေနှင့် ကျိုက်ထီးဆောင်း ဆရာတော်မှ ဦးဆောင်၍ ထီးတော် အသစ်တင်ခဲ့မှုကို အကြောင်းပြု၍ ရောက်ရှီခဲ့သော ဆရာတော်ကြီးများ ဖြစ်ကာ အဆိုပါ ဆရာတော်များမှာ ကျိုက်ထီးဆောင်း ဆရာတော်၏ တပည့်ဖြစ်သူ ဦးပညာသာမိနှင့် ဘုန်းကြီး သုံးပါးဖြစ်ပြီး တွံတေးမြို့ စမ်းရွာကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် မောင်းတီး စေတီတော်ကြီး ပရ၀ဏ်အတွင်းတွင် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဦးဇင်းက ရွှေဝါရောင် အရေးအခင်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အတွက် ၂၀၁၀မှာ ထောင်ကျတော့ ကျောင်းက ဦးဇင်းတစ်ပါးထံ ကျောင်းကိုအပ်နှံခဲ့တယ်။ သူတို့က ထီးတော်အသစ် တင်တာကို အကြောင်း ပြုပြီးတော့ ကျောင်းထဲမှာ ခွင့်ပြုချက်မရှိပဲ ကျူးကျော် နေထိုင်ကြတယ်။ အခုလို နေထိုင်တာ ဥပဒေနှင့်လည်း မညီညွတ်ပါဘူး။ သူတို့ဘာသာ သူတို့ ဂေါပကဟောင်းကိုလည်း ဖြုတ်ပစ်တယ်။ အာဏာရှင်ဆန်ဆန် ပြုမူနေထိုင်တာတွေ အပေါ်မှာ ဒကာ၊ ဒကာမတွေကလည်း မကျေနပ်ကြဘူး။ အာဏာရှင်ဆန်ဆန် ပြုမူနေမှု အပေါ်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ရဲစခန်း၊ တရားသူကြီးထံ အရေးယူပေးဖို့ အဆင့်ဆင့် တောင်းဆိုခဲ့သော်လည်း ဇေကမ္ဘာ ဦးခင်ရွှေကို ကြောက်ပြီး မည်သည့် အရေးယူ ဆောင်ရွက်ပေးခြင်းမျိုးမှ မပြုလုပ်ပေးပါဘူး”ဟု တွံတေးမြို့ရှိ မောင်းတီး ဆရာတော်ကြီးမှ မိန့်ကြားခဲ့သည်။

အဆိုပါ မောင်းတီး စေတီတော်ကြီးမှာ ရန်ကုန်တိုင်း တွံတေး မြို့နယ် စမ်းရွာကျေးရွာတွင် တည်ရှိပြီး လွန်ခဲ့သော ၆နှစ်ခန့်က နာဂစ်မုန်တိုင်း ဒဏ်ကြောင့် ဘုရားထီးတော် ပျက်စီးခဲ့ရကာ အဆိုပါ ပျက်စီးသွားသော ထီးတော်အစား ထီးတော်အသစ်ကို ဇေကမ္ဘာ ဦးခင်ရွှေနှင့် ကျိုက်ထီးဆောင်း ဘုန်းတော်ကြီးမှ ဦးဆောင်၍ ထီးတော် အသစ်တင်ခဲ့ပြီး အဆိုပါ ထီးတော် အသစ်တင်ပွဲ အပြီးတွင် ကျိုက်ထီးဆောင်း ဆရာတော်၏ တပည့် ဖြစ်သော ဦးပညာသာမိ အပါအ၀င် ဘုန်းကြီး သုံးပါးမှ ထီးတော်တင်ရန်နှင့် စေတီတော်ကြီးအား ပြန်လည် မွမ်းမံရန်ဟုဆိုကာ စေတီတော် အ၀န်းရှိ ဓမ္မာရုံတွင် နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Category: 

Share