မီဒီယာဆိုတာ စတုတ္တမဏ္ဍိုင်လား.. အသုံးချခံလား - နော်ရာမောင်

“You know the media power”ဆိုတဲ့ စကားနဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က ခြိမ်းခြောက်လာပါတယ်လို့ အသိမိတ်ဆွေ တစ်ယောက်က ပြောပြခဲ့တော့ အတော်လေးကို အံ့အားသင့်ခဲ့ရပါတယ်၊ ဘာ့ကြောင့် ဒီစကားနဲ့ ခြိမ်းခြောက်တာလဲ၊ ဘာ့ကြောင့် မီဒီယာကို ထည့်ပြောတာလဲလို့ တွေးကြည့်တဲ့ အခါမှာတော့ စတုတ္တမဏ္ဍိုင်ဆိုတာ တစ်ဖြည်းဖြည်းနဲ့ အသုံးချခံ မီဒီယာ အသွင်ကို ပြောင်းလဲလာနေတယ်ဆိုတဲ့ အချက်ကို စိတ်မကောင်းစွာ သိရှိခဲ့ရပါတယ်။

တစ်ကယ်တမ်း ရုံးပြဿနာ သေးသေးမွှားမွှားလေးတွေတောင် တစ်ဖက်သားကို သိက္ခာချနိုင်ရေး အတွက် စာနယ်ဇင်းရှင်းပွဲလုပ်မယ်ဆိုတဲ့ စကားတွေစာ မီဒီယာကို ဘယ်လို အသုံးချရမယ်ဆိုတာ သိတဲ့လူတွေပြောတဲ့ စကားမျိုးပါပဲ၊ သာမန်တွေးရင်တော့ အခုလို ပွင့်လင်း လွတ်လပ်စပြုလာတဲ့ အချိန်မှာ စာနယ်ဇင်းရှင်းတာ မီဒီယာတွေနဲ့တွေ့တာ ဘာမှမဆန်းပါဘူး၊ ဒါပေမယ့် အဲ့ဒီနောက်ကွယ်မှာတော့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေအတွက် မီဒီယာကို အသုံးချနေပြီဆိုတာကို မြင်တဲ့သူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်၊ အခုချိန်မှာ စာနယ်ဇင်းရှင်းပွဲတွေ အမျိုးစုံလုပ်နေပါတယ်၊ နေရာအနှံ့မှာ စာနယ်ဇင်းတွေ ရှင်းပွဲတွေ ပြုလုပ်နေကြပါတယ်၊ အဲ့ဒီပွဲတွေ တော်တော်များများကိုလည်း သတင်းထောက်တွေ တတ်ရောက် နေကြပါတယ်၊ ဒါပေမယ့် စာနယ်ဇင်းရှင်းပွဲတိုင်းဟာ သတင်းသမားများ အတွက် သတင်း ဖြစ်မလာပါဘူး။

အခုချိန်မှာတော့ စီးပွားရေး လုပ်ငန်းရှင်အချို့ဟာ အင်မတန်မှကို ပါးနပ်လာကြပါပြီ၊ သူတို့ဟာ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေ၊ သူတို့ရဲ့ ကိစ္စတွေကို အမြန်ဆုံး လူသိအောင် ဘယ်လိုမျိုး လုပ်နိုင်မလဲဆိုတာ ရှာဖွေကြရင်းနဲ့ မီဒီယာကို ဘယ်လို အသုံးချရမယ်ဆိုတာလည်း သေသေချာချာ သိလာကြပါတယ်။ အခန်းတစ်ခုခုကို ငှားရမ်း၊ ပြီးတဲ့ အခါမှာတော့ အစားသောက် နည်းနည်းပါးပါး စီစဉ် လက်ဆောင်လေး ပေးလိုက်ရုံနဲ့ ငါတို့သတင်းတွေ ပြည်သူသိစေရမယ်၊ သိအောင်လည်း လုပ်ကြလိမ့်မယ် သူတို့ကို ဘာလက်ဆောင်တွေ ပေးထားတယ်စတဲ့ စိတ်တွေနဲ့လုပ်တဲ့ စာနယ်ဇင်း ရှင်းပွဲတွေလည်း နေရာအနှံ့မှာ ပေါ်ထွက်လာနေသလို အဲ့ဒီအပေါ်မှာ သာယာနေတဲ့ သတင်းသမားအချို့ အတွက် အင်မတန် ရင်လေးစရာ ကောင်းနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုလက်ဆောင်တွေကို မက်မောရင်း ပွဲတကာပွဲနောက် လိုက်နေတဲ့ သတင်းသမားတွေ ရှိနေသရွှေ့ သတင်းသမားတွေဟာ အသုံးချခံ အနေနဲ့ပဲ ရှိနေဦးမှာ ဖြစ်သလို စတုတ္တ မဏ္ဍိုင်ဟာလည်း အသုံးချခံ မီဒီယာကြီး တစ်ခုလို ဖြစ်နေဦးမှာပါပဲ။

တစ်ချို့ပွဲတွေဆိုရင် သူတို့ပြောချင်ရာပြော၊ သူတို့ ရှင်းချင်ရာ တစ်ဖက်သတ်ရှင်းရင်း တတ်လာတဲ့ မီဒီယာကို ကော်ဖီတစ်ခွက်၊ ကိတ်ချပ် ကျွေးကာ လက်ဆောင် အသေးစားတွေ ပေးရင်း မီဒီယာကို ကောင်းကောင်း ခိုင်းစားနေပါတော့တယ်။ ဒီလို ထောင်ချောက်ကိုသိတဲ့ သတင်းသမားတွေကတော့ သတင်း ဖြစ် မဖြစ်ကိုသာ အဓိကထားပြီး ပွဲတွေကို ရွေးချယ်တတ်ကြပါတယ်။ ဒီလို လက်ဆောင်တွေကိုလည်း ပေါ်ပေါ်တင်တင်ပဲ ငြင်းပယ်ကြပါတယ်။ တစ်ချို့ကတော့ ရုံးတွေကို ပြန်အပ်ကြသူတွေ ရှိနေပါတယ်။ အချို့ သတင်းသမားတွေကတော့ သတင်းအလုပ်တွေကို ဘက်စုံ ထောင့်စုံကနေ ကျင့်ဝတ်မှန်ကန်စွာနဲ့ တင်ပြရင်း သတင်းသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်း လုပ်ကိုင်နေကြတာလည်း ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုလည်း အခုထိ မေ့လို့မရသေးပါဘူး။ စီးပွားရေး လုပ်ငန်းရှင် အသိမိတ်ဆွေ တစ်ယောက်က ပြောပါတယ် “နင်တို့ သတင်းထောက် တစ်ယောက်လေ ငါတို့ပွဲကို ကားငှား လာရတာကို ဘာ့ကြောင့် အသွားပြန်၊ တတ်စီခ မပေးသလဲဆိုပြီး ပြောဆိုသွားတယ်၊ သတင်းသမားတွေကို ငွေပေးရင် အကျင့်ပျက်တယ်လို့ နင်ပဲ အကြံပေးခဲ့လို့ ပွဲမှာ ပိုက်ဆံ ထည့်မပေးခဲ့တာ၊ အခုတော့ ငါတို့ကို ပြောဆိုသွားလိုက်တာ ရစရာမရှိဘူးတဲ့” သူ့စကား အဆုံးမှာတော့ သတင်းသမားတွေရဲ့ သိက္ခာ တစ်ကယ်ကို တစ်ပြားသားမှ မကျန်အောင် ကုန်သွားတာပါပဲ တစ်ကယ်ကို ရှက်လွန်းလို့ ဘာပြန်ပြောရမယ် မှန်းတောင် မသိတော့သလို ငါတို့ သတင်းထောက်တွေမှာ ဒီလို ကြွက်ချေးတွေ ရောနေပါလားဆိုပြီးတော့လည်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ သတင်းသမားတွေမှာ အခက်ခဲတွေ ရှိပါလိမ့်မယ်၊ တိုက်ကြီးက သတင်းသမားတွေက လွဲလို့ ကိုယ်သတင်းလိုက်တဲ့ လမ်းစရိတ်ကို ကိုယ့်အိတ်ထဲကပဲ စိုက်ထုတ် သွားလာနေရတာတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီလို သိက္ခာမရှိစွာ ပြောဆို ငွေတောင်းတာကတော့ သတင်းသမား အယောက်တစ်ရာမှာ တစ်ယောက်လောက်ပဲ ရှိနေလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။

ဒါပေမယ့်လည်း မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဆက်သွယ်ရေး ကုမ္မဏီတစ်ခုက စာနယ်ဇင်းရှင်းပွဲမှာ လက်ဆောင်မရလို့ ဆူညံနေကြတာဆိုတဲ့ စကားတွေဟာ အဲ့ဒီပွဲအပြီးမှာ ထွက်လာခဲ့တဲ့ စကားတွေပါပဲ။ ဒီလို  ဖြစ်ရပ်တွေကြောင့်လည်း သတင်းသမားတွေကြားမှာ လက်ဆောင်ပဏ္ဍာ ရရှိရေး အတွက် အသုံးချခံချင်နေသူတွေ အတော်တော်များများ ရှိနေသေးတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်။ အဲ့ဒီလို သတင်းသမားတွေဟာ သတင်းလောကမှာ ဘာအတွက် ရပ်တည်နေကြသလဲ၊ ကိုယ်သွားနေတဲ့ လမ်းကြောင်းကိုရော ကိုယ်ကိုကိုယ်တိုင် ရှင်းလင်းစွာ သိရဲ့လား၊ ဒါမှမဟုတ် အနေအစား ချောင်လို့ လုပ်တာလား အလုပ် မရှိလို့ လုပ်တာလား၊ သတင်းသမား ကျင့်ဝတ်ဆိုတာရော ဘာတွေလည်း သိရဲ့လား စသည်.. စသည်ဖြင့် မေးခွန်းများစွာလည်း ကျန်ရစ်ခဲ့ပါတယ်။ ဒီလို သတင်းသမားများစွာနဲ့သာ ဒီလိုပုံစံအတိုင်း တည်ဆောက်သွားမယ်ဆိုရင် မီဒီယာ ဆိုတာကို ပြည်သူတွေလေးစား ယုံကြည်ဖို့ ခက်ခဲလာမှာ ဖြစ်ပြီး... မြန်မာနိုင်ငံမှာ “မီဒီယာ သြဇာ” ထူထောင်ဖို့ဆိုတာ အင်မတန်မှကို ခက်ခဲသွားပါလိမ့်မယ်။         ။

နော်ရာမောင်

 

Category: 

Share