ကျွန်တော်နှင့် ထောင်နီးနားချင်းများ (ERO သို့မဟုတ် အဖြေတွေ့သွားသော ကျောင်းဆရာ) - ဇာဂနာ

နှစ်ထောင့်ငါးခု၊ နှစ်ထောင့် ခြောက်ခု တစ်ဝိုက်မှာ မြန်မာပြည်ထဲ ခေတ်စားသွားတာ တစ်ခုရှိသည်။ ဘလော့ဂ်တွင် စာရေးခြင်း ဖြစ်၏။ အမှန်ကတော့ ၀က်ဘ်ဘလောဂ့်ဖြစ်သည်။ ထိုဝက်ဘ် ဘလော့ဂ်ပေါ်တွင် မြန်မာလို စာရေးသားနိုင်ကြသဖြင့် မြန်မာစာရေးဆရာ တော်တော်များများက သဘောကျကြသည်။ သို့သော် အင်တာနက်နှင့် မရင်းနှီးကြ။ ဒီတော့ လူငယ် စာရေးဆရာများသာ နေရာယူကြတော့၏။ ထိုလူငယ် စာရေးဆရာများထဲတွင် နေဘုန်းလတ်၊ ညီလင်းဆက်၊ စိုးဇေယျာထွန်း၊ ဇော်ဇော်မျိုးလွင်တို့ကား နာမည်ကျော်များ ဖြစ်ကြသည်။ သူတို့ကို ဘလော့ဂါများဟု ခေါ်ကြ၏။ MBA ခေါ် မြန်မာ ဘလော့ဂ် အဖွဲ့အစည်းပင် ပေါ်ပေါက်ခဲ့ဖူးသည်။

ကျွန်တော်ပင်လျှင် ဇာဂနာ ဘလော့ဂ်ဟု ရေးသားခဲ့ဖူးသည်။ ထိုသို့ရေးသားခဲ့ခြင်းကြောင့်ပင် အင်တာနက် ဆက်သွယ်ရေး အက် ဥပဒေနှင့် တရားစွဲခံရကာ ထောင်ကျခဲ့ရခြင်း ဖြစ်သည်။ ဒါတွေ အားလုံး၏ အဓိက လက်သည် တရားခံမှာ နေဘုန်းလတ်ပင် ဖြစ်သည်။ သူသင်ပေးလို့ ကျွန်တော် ရေးတတ်သွားတာလည်း ဖြစ်သည်။ တကယ်တမ်း သူ့ဘက်ကလည်း ပြောစရာရှိ၏။ သူဖမ်းခံသွားရတာ ကျွန်တော့်စနက် မကင်းချေ။ တစ်ယောက်တစ်လှည့်ဟု ဆိုပါတော့။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးစတော့ ဘလော့ဂ်ပေါ်မှာ သတင်းတွေ တင်ကြသည်။ သံဃာတော်များ ချီတက်လာသည့် ဓာတ်ပုံတွေကို အလုအယက်ရိုက်၊ အလျင်အမြန် တင်ကြသည့်အထဲ သူလည်း ပါလေသည်။ ကျွန်တော် ဖမ်းခံသွားရတော့ သူနှင့် ကျွန်တော် အဆက်ပြတ်သွားသည်။ ၂၀၀၇ခုနှစ်၏ ဆောင်းရက်တွေထဲမှာ ကျွန်တော် ပြန်လွတ်လာတော့ သီးလေးသီး အဖွဲ့ကို မျှော်စင်ကျွန်းမှာ ပွဲကဖို့ စီစဉ်လိုက်၏။ ဖြစ်ချင်တော့ ထိုအငြိမ့်ပွဲက တော်တော် အောင်မြင်သည်။ ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီကို သရော်သည့် ပြက်လုံးက တော်တော် ထိသွားသည်။ အစိုးရဘက်ကလည်း အစာမကြေ။ သီးလေးသီးကို အရေးယူဖို့ ပြင်ဆင်ချိန်မှာပဲ သီးလေးသီးက ယိုးဒယားသို့ ရောက်သွားခဲ့ချေပြီ။

သီးလေးသီး အငြိမ့်ကို လူကြိုက်တာ မှန်သည်။ သို့သော် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြန့်နှံ့သွားတာကတော့ နေဘုန်းလတ်၏ စွမ်းပကားဖြစ်သည်။ ထိုစဉ်က ကွန်ပျူတာနှင့် နီးစပ်သူ တော်တော်နည်းသော ကာလမှာ နေဘုန်းလတ်သည် ပြည်သူ့ဘက်တော်သားဖြစ်။ အမေတူသွေးက စကားပြောလေသည်။ NLD ကြေညာချက်၊ DVB အခွေဆိုတာတွေ မှန်သမျှ သူ့လက်ရာနှင့်မကင်း။ သူက ကွန်ပျူတာဖြင့် အခွေကူးသည့်စက်ကို ကိုယ့်ဖာသာကိုယ် အိမ်မှာဆင်ထားသည်။ ဒီတုန်းက သူတို့နေတာ သုဝဏ္ဏမှာ။ NLDက အပွားလေး အောင်ထွန်းက ခြေမြန်တော်။ အခွေမှန်သမျှ သယ်လာပြီး နေဘုန်းလတ်ကို ပေးသည်။ နေဘုန်းလတ်က ဒိုင်ခံကူးပေး၏။ နောက်တော့ အောင်ထွန်း (ခေါ်) အပွားလေးတို့ကပဲ ဖြန့်ချိရလေတော့သည်။

သီးလေးသီးအငြိမ့်ခွေ အားလုံးကို နေဘုန်းလတ် တစ်ယောက်တည်း ဒိုင်ခံကူးတာ ဖြစ်သည်။ DVBကို ပို့တာလည်းသူပဲဖြစ်၏။ သီးလေးသီး မဲဆောက်မှာ ကသည့် အခွေ၊ စင်ကာပူမှာ ကသည့် အခွေ၊ မလေးရှားမှာ ကသည့် အခွေအားလုံး သူ့လက်ရာတွေချည့်။

ကိုရီးယားတို့၊ ဂျပန်တို့မှာကသည့် အခွေတွေကျတော့ လျှို့ဝှက် ပို့ရတာဖြစ်လို့ ကွန်ပျူတာမှာ ကြည့်မရ။ ကုဒ်ထည့်ပြီး ပိတ်ထားသည့် Thumb Drive နှင့် ခိုးပို့တာဖြစ်သည်။ ဒါကို နေဘုန်းလတ်က ကုဒ်နှင့် ပြန်ဖြည်။ ပြီးမှ ကွန်ပျူတာထဲထည့်ပြီး DVB အချပ် ပြန်ကူးပေးတာ ဖြစ်သည်။ တော်တော် စိတ်ရှည်ရသလို လုပ်ရတာ လက်ပေါက်လည်း ကပ်လှ၏။

ဒီလိုပဲ သံဃာတော်များကို စစ်တပ်က ဖမ်းတာဆီးတာ ရိုက်တာနှက်တာစသည့် အခွေတွေကို သူပဲ တာဝန်ယူရတာ ဖြစ်သည်။ ပြီးတော့ လွယ်အိတ်ထဲ အခွေလေးတွေ ထည့်ပြီး နီးစပ်သူတွေဆီ လိုက်ဝေပေးလေ့လည်း ရှိသည်။ ထိုအချိန်တုန်းက ဒီလို အခွေလာပေးလျှင်ပင် တော်တော် အမြင်ကပ်ခံရသည်။ မျက်စောင်းထိုးခံရ၏။ ပြဿနာ သယ်ဆောင်လာသူလို့ ထင်ကြသည်။ စစ်အစိုးရက ဘာမှမလုပ်။ ထိုသို့ ကြောက်တတ်သူများကြောင့် နေဘုန်းလတ် ဖမ်းခံလိုက်ရခြင်းပင်။

အစိုးရကို ဆန့်ကျင်သောစာ ဆိုလျှင် ယောင်လို့တောင် မကိုင်သူတွေက ခုတော့ နေဘုန်းလတ်တို့ကို ကြောက်နေပြီလားလို့ မေးတာကြား ရပြန်တော့ ကျွန်တော် ပြုံးမိသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာမှ ရုတ်တရက် သတ္တိတွေ ၀ုန်းကနဲ ရှိသွားကြသူ အားလုံးကို အံ့အားသင့်စဖွယ် တွေ့လိုက်ရတိုင်း နေဘုန်းလတ်တို့ ကျွန်တော်တို့ မျက်စပစ်မိကြပါသည်။

နှစ်ထောင့်ရှစ်ခု နွေဦးမှာ ကျွန်တော် ဧရာဝတီတိုင်းသို့ ခရီးထွက်နေရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်သည့် လှုပ်ရှားမှု တစ်ရပ်လုပ်ဖို့ဖြစ်၏။ ဘောပင်တွေမှာ ကြက်ခြေခတ် အမှတ်အသား တံဆိပ်ရိုက်လို့ လူထုထဲ ဝေငှရန်၊ စတစ်ကာလေးတွေမှာ ကြက်ခြေခတ် အမှတ်အသား ရိုက်နှိပ်ပြီး ကားတွေ၊ မော်တော်တွေမှာ ကပ်ရန်ဖြစ်၏။ နေဘုန်းလတ်က ရန်ကုန်မှာ ကျန်ခဲ့သည်။ အင်တာနက်မှတစ်ဆင့် ပေးပို့လာသည့် ဒီဇိုင်းတွေကို ပုံထုတ်ရန် သူနေခဲ့၏။ ဆန်ဖရန် စစ်စကိုမှ ကိုမောင်ရစ်၊ ၀ါရှင်တန်မှ ကိုအောင်ဒင်တို့က NO VOTE ဒီဇိုင်းလေးတွေ ပို့ပေးလေ့ရှိသည်။ ထိုဒီဇိုင်းများထဲမှ သင့်တော်တာကို ရွေးပြီး နေဘုန်းလတ်က T-Shirtတို့၊ လက်ကမ်းစာရွက်တို့ လုပ်ရ၏။

ထိုအချိန်က နီလာသိန်းသည် ပုန်းအောင်းနေချိန်ဖြစ်၏။ သူ့ကို ထောက်လှမ်းရေးက လိုက်ဖမ်းနေ သဖြင့် တစ်နေရာမှ တစ်နေရာ ပြောင်းပြီး ပုန်းနေရချိန်လည်း ဖြစ်သည်။ သို့သော် ကျွန်တော်တို့နှင့် အဆက်အသွယ်မပြတ်။ ပထမ နီလာသိန်းရယ်၊ ဖြူဖြူသင်းရယ်။ စုစုနွေးရယ် တူတူပုန်းကြတော့ သူတို့နှင့် အဆက်အသွယ် မပြတ်ဖို့ ကျွန်တော်တို့က တယ်လီဖုန်းတစ်လုံး ဖန်တီးပို့ဆောင်ပေးရ၏။ ခြေမြန်တော်က အောင်ထွန်း (ခေါ်) အပွားလေးနှင့် မေသင်းဇူလိုင်ကျော်။

နောက်တော့ ဖြူဖြူသင်းက ပုန်းအောင်းမနေတော့ဘဲ ရဲနှင့် ရင်ဆိုင်ကာ ဖြေရှင်းလိုက်သလို စုစုနွေးကလည်း အဖမ်းခံလိုက်၏။ နီလာသိန်း တစ်ယောက်သာ ကျန်တော့သည်။ ကလေး မွေးပြီးကာစဆိုတော့ မိခင်တို့ သဘာဝကို ကျွန်တော်တို့ ကိုယ်ချင်းစာသည်။ သူ့သမီးလေးကလည်း အဖေရော၊ အမေပါ အနားကနေ ပျောက်သွားသဖြင့် ဦးလေးတွေ၊ အဒေါ်တွေ လက်ပေါ်မှာ မျက်နှာငယ်လေးဖြင့် ဒီနို့မှုန့်တစ်မျိုးထဲကိုသာ တိုက်ရသည်။ နို့မှုန့်နာမည်က Similac ။မြေနီကုန်းက ဒဂုံစင်တာ တစ်ခုထည်းမှာသာရသည်။ ကလေးငယ်၏ ဘကြီး မျိုးမင်းယု၊ ဇော်သက်ထွေးနှင့် ကျွန်တော်တို့ သုံးဦးအား နို့မှုန့်ရှာပုံတော် ဖွင့်ခဲ့ရပုံတွေကို မမေ့။ ကျွန်တော် ဧရာဝတီတိုင်းသို့ ရောက်နေတုန်းက နေဘုန်းလတ်က နီလာသိန်း အတွက် လိုတာလေးတွေ ပို့ပေးသည်။ မေသင်းဇူလိုင်ကျော်က လက်ခံယူပြီး နီလာ ပုန်းအောင်း နေရာ ယောမင်းကြီးလမ်းဆီသို့ ပို့ရသည်။ နီလာထံသို့ ကြေညာချက်တွေ၊ VCDတွေလည်း ပို့ရ၏။  ဖြစ်ချင်တော့ နေဘုန်းလတ်နှင့် မေသင်းဇူလိုင်ကျော်တို့ ဆုံမှတ်က လက်ဖက်ရည်ဆိုင် မနက်ခင်းဆိုလျှင် လာရောက် စားသောက်သူတွေ အလွန်ရှုပ်သည့်ဆိုင်။ တမင် ထိုဆိုင်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သူတို့ကို အာရုံမကျစေဖို့ သို့သော် ထိုဆိုင်ရှင်က အာရုံကျသည်။ နေဘန်းလတ်တို့နှင့် ရောသည်။ ဖောသည်။ နေဘုန်းလတ် အယုံလွယ်သွား၏။ နေဘုန်းလတ်ရော မေသင်းဇူလိုင်ကျော်ပါ အဖမ်းခံသွား ရရှာလေသည်။ (ထိုဆိုင်ပိုင်ရှင်ကတော့ ယနေ့ နာမည်ကျော် ပါတီကြီး၏ အဓိက ထောက်ပံ့ပေးသူ အဖြစ် မြန်မာ့နိုင်ငံရေး ဘောဂဗလသဖွယ် ထင်ရှားကျော်ကြားနေသူပင်) နေဘုန်းလတ် ဖမ်းခံရသည်ဟု ကြားကြားချင်း ကျွန်တော် ရန်ကုန် ပြန်လာခဲ့သည်။ ကျွန်တော်တို့ဖက်က အကျအဆုံး တော်တော်များလာ၏။ နေဘုန်းလတ်၊ ကဗျာဆရာ ကိုစောဝေ။ တစ်ယောက်ပြီး တစ်ယောက် ပါသွားခဲ့လေပြီ။ အင်းစိန်ထောင် အထူးဝင်းထဲမှာ သူနှင့်ကျွန်တော် ပြန်ဆုံသည်။ ကျောင်းဆရာဟု ကျွန်တော်တို့က နာမည်ပြောင် ခေါ်သလို သူကတော့ မျက်မှန်ကလေး ၀င့်ကာဝင့်ကာ ပြုံးစစနှင့် စကားပြောစမြဲ။ သူ့အမေက ပြောလို့ဆိုပြီး သံဗုဒ္ဓေဂါထာ အခေါက် တစ်ထောင်ရွတ်ရင်း မူးတူးဝေတေ ဖြစ်လာသည်ဆို၏။ ကျွန်တော်က ရွတ်ရွတ် မရွတ်ရွတ် ဘာမှမထူး ထောင်ကျမှာပဲဟု ဆိုလိုက်တော့ သူဟာကနဲ ဖြစ်သွားသည်။ ဒီနောက်မှာတော့ ကျွန်တော် ဆွယ်တရားကောင်းလို့လား မသိ။ သူစာတွေကို ၀ါးစားသလို ဖတ်တော့၏။ ဆရာမောင်ထွန်းသူ ဘာသာပြန်သည့် ဇာတ်မြစ် စာအုပ်၏ မူရင်းကို ဖတ်ချင်သည်ဟု ပူဆာ၏။ကျွန်တော်က Alex Haley ၏ Rootsကို မှာပေးရသည်။ သူ တစ်နေကုန် စာဖတ်သည်။ ညလည်း မီးရောင် ၀ါကျင့်ကျင့် အောက်မှာ ဖတ်သည်။ John Grisham ရေးသည့် ၀တ္ထုတွေ တန်းစီဖတ်သည်။ ကျွန်တော်တို့ ရောက်နေခဲ့သည့် အထူးဝင်းထဲမှာ အေးနေ၀င်း၊ ကျော်နေ၀င်းတို့၏ စာကြည့်ုတိုက်ကြီး ရှိနေသည်။ သူတို့ စာအုပ်ပုံထဲကနေ ကြိုက်တာ ရွေးဖတ်ဖို့ပဲ ဖြစ်၏။ တစ်နေ့တော့ သူနှင့်ကျွန်တော် တရားရုံး တူတူထွက်ရင်း နေဘုန်းလတ်က စကားစလာသည်။ ကျွန်တော် တစ်နေ့က သူ့ကို ပေးဖတ်လိုက်သော Jack Cannfieldစာအုပ်ထဲက ဖော်မြူလာကို သူ အာရုံကျနေခြင်းပင်။ ထိုဖော်မြူလာက ER=Oဖြစ်သည်။ Eက Event (အဖြစ်အပျက်လို့ ဆိုပါစို့) R က Response (တုံ့ပြန်မှုလို့ ဆိုပါစို့) O ကတော့ Outcome (အဖြေ)ဖြစ်၏။ သူကဆိုလာသည်။ ကျွန်တော်တို့ အားလုံး တရားရုံး တစ်ခုထဲမှာပင် အတူရင်ဆိုင်နေရပြီ။ ဒါဆိုတော့ Event အတူတူပဲ ဖြစ်လေသည်။ Responseပေါ် မူတည်ပြီး Outcome တွေ ကွဲပြားသွားလေမလားဟု သူကမေးလာတော့ ကျွန်တော်တို့ စကားဝိုင်း စိုပြေသွားတော့၏။ ဇော်သက်ထွေးရော၊ ကိုမြတ်စံရော၊ ကိုစိန်လှိုင်ပါ ပါလာသည်။ တရားရုံးရှေ့ ဆွေးနွေးပွဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး ထောင်ချခံရသည်။ နေဘုန်းလတ်က ဦးဆုံး ဖားအံထောင်သို့ ရွှေ့ခံလိုက်ရ၏။ သူလိုချင်သော စာအုပ်တွေ သူယူသွားပါရစေ ခွင့်တောင်းတော့ ကျွန်တော် ပေးလိုက်သည်။ သူ့နှုတ်ကတော့ တဖွဖွ။ ERO… ERO ။အဖြေထွက်မည့် တုံ့ပြန်မှုတွေ သူရှာနေပေတော့မည်ဟု ကျွန်တော် တွေးမိနေတော့၏။ ခုတော့ နေဘုန်းလတ်သည် မြန်မာ့နယ်နိမိတ်ကို ကျော်ကာ ကမ္ဘာကို ခြေလှမ်းနေပေပြီ။ လူငယ်တွေထဲမှာ ရှေ့သို့ ထိုးထောင်ထွက်လာသော ရှေ့ဆောင် တစ်ဦး ဖြစ်လာချေပြီ။ အမေရိကား အိုင်အိုဝါမှာ ဆွေးနွေးပွဲတက်ပြီး ကတည်းက သူ့မှာ တိုင်းပြည်အတွက် အမြင်တွေ ပွင့်လာချေပြီ။ ER=Oကို လက်တွေ့ သူအကောင်အထည် ဖော်နေပြီဟု ဆိုရမည်။ နေဘုန်းလတ်သည် မြန်မာနိုင်ငံ အိုင်တီနည်းပညာ ဖွံ့ဖြိုးရေးအဖွဲ့ (MIDO)၏ ဦးဆောင်ဒါရိုက်တာ ဖြစ်သည်။ တစ်နိုင်ငံလုံးအနှံ့ တောကြိုအုံကြားပါ သွားကာ အင်တာ နက် အသုံးပြုပုံကို လိုက်လံသင်ကြားပေးနေသူ။ ပြီးတော့ မြန်မာပြည်၏ တစ်ခုတည်းသောနှင့် ပထမဆုံးသော PEN မြန်မာအဖွဲ့ကြီး၏ အတွင်းရေးမှူးလည်း ဖြစ်လာသည်။ မြန်မာ့စာပေနှင့် ကမ္ဘာ့စာပေကို သူတံတားထိုးနေပြီ။ လူလူချင်း အမုန်းပွားစေမည့် စကားမှန်သမျှ ရှောင်ရှားကြပါဆိုသော  ပန်းစကား လှုပ်ရှားမှုကိုလည်း သူဦးဆောင်လာသည်။ နိုင်ငံတစ်ခုကား တရွေ့ရွေ့နှင့် ပြောင်းနေချိန်၊ အဖြေထွက်အောင် ရှာနေသော နေဘုန်းလတ်ကား တက်ကြွနေဆဲ။ ဘာမှမလုပ်ဘဲ တောင်စဉ်ရေမရ စကားတွေ၊ စာတွေ ဖွာလန်ကျဲ ပြောနေသူ၊ ရေးနေသူ မှန်သမျှကို သူမျက်ကွယ် ပြုလိုက်ပြီ။ သူမြင်နေတာ တစ်ခုရှိသည်။ ဒါကို သူရော ကျွန်တော်ပါ သိသည်။ လင်းလုလု အာရုဏ်။

ဇာဂနာ

 

Category: 

Share