မာဂျေ မူးယစ်ဆေးသုံးတတ်ပြီ - မာဂျေ

စာပေဆိုတာ ဘ၀အလင်းတန်ဆောင် မီးရှုးရောင်တဲ့။ သိပ်မှန်တာပေါ့ဗျာ။ စာပေ ပညာရှင်တွေ ရေးသားတဲ့ အချက်အလက်တွေကို ယဉ်ကျေးဖို့၊ အသိပညာ အတတ်ပညာတွေ ပေးဖို့ ရေးနေကြတာ မဟုတ်ပေလား။တစ်ချိုဆို အတန်းပညာ မရှိပေမယ့် စာပေလေ့လာ ဖတ်ရှုပြီး ဘ၀မှာ အောင်မြင်မှုတွေ ရခဲ့ကြတယ်။ မာဂျေလည်း နေ့စဉ်စာမျိုးစုံ ဖတ်ရင်း ကိုယ့်ကိုကိုယ် တော်တော် သိလာ တတ်လာပါလားလို့ ခံစားမိတယ်။

လောလောဆယ်တော့ စာစောင်တွေ ဖတ်ရင်း မာဂျေတစ်ယောက် မူးယစ်ဆေးကို ကောင်းကောင်း သုံးတတ်သွားပါပြီ။ ပြောရရင် မူးယစ်ဆေးနဲ့ ပတ်သက်ပြီး မာဂျေ့မှာ ဘာဗဟုသုတမှ မရှိပါဘူး။ အဲ ငယ်ငယ်တုန်းက ကြက်သားဟင်းထဲ ဆေးခြောက်ထည့်ပြီး ချက်စားဖူးသပေါ့ဗျာ။ ရီဝေေ၀နဲ့ တစ်ခါ အိပ်ပျော်သွားတာကလွဲရင် သူများတွေပြောသလို နတ်ပြည် ရောက်တာတို့၊ စိတ်ကူးတာ အကုန် ဖြစ်တယ်တို့၊ မြောင်းသေးသေးလေးကို အကြီးကြီး ထင်တာတို့၊ အလကားနေရင်း ရီချင်လာတာ တို့တွေလည်း မခံစားခဲ့ဖူးပါဘူး။ အဲဒီနောက် ခေတ်စားလာတဲ့ ဘိန်းဖြူတို့ ယာဘတို့ အီးတို့ အိုက်စ်တို့ဆိုတာတွေ ကလည်း ကြားသာ ကြားဖူးတာ။ အပြားလား အလုံးလားဆိုတာ မြင်တောင် မြင်ဖူးတာ မဟုတ်ဘူး။ ဒါပေသိ စာစောင်တွေ ဖတ်တဲ့ အကျိုးပေါ့ဗျာ။ ယာဘဆိုတာ နီညိုရောင် ဆေးပြားလေး ဖြစ်တယ်ဆိုတာက အစ ရေထည့်ထားတဲ့ ဘူးလေးထဲကနေ အငွေ့ကို ဖြတ်ပြီးမှ ရှူရတာပါ သိသွားတယ်။ အရင်တုန်းက ယာဘဆိုတာ ဒီအတိုင်း မျိုချရတယ်လို့ ထင်ထားခဲ့တာ မှားပါပေါ့လားဗျာ။ စာစောင်တွေ မဖတ်ပဲ လက်တည့်စမ်းပြီးများ ယာဘတစ်ပြား ၀ယ်ပြီး မျိုချခဲ့ရင် ဒုက္ခရောက်မှာ အသေအချာဗျ။ ပြီးတော့ ယာဘရယ်၊ မြင်းဆေးရယ်၊ WY စိတ်ကြွဆေးရယ်ဆိုတာ တစ်ခုတည်း ဆိုတာလည်း ဒီဆောင်းပါးဖတ်မှ သိရတာ အမြတ်တစ်ခုပဲ။

အခုတော့ ခဲပြားလေးပေါ်မှာ ယာဘပြားကိုတင်၊ အောက်က မီးရှို့  ထွက်လာတဲ့ အငွေ့ကို ပလပ်စတစ် ပိုက်ကလေးထဲကနေ တစ်ဆင့် ရေသန့်ဘူးထဲကို ဖြတ်ခိုင်း၊ နောက်ဆုံးမှာ ရေသန့်ဘူး အ၀ကနေ ပါးစပ်နဲ့တေ့ပြီး အငွေ့ကို ရှူရတာ သိလိုက်ရတယ်။ အလွန်တရာမှ ကျေးဇူးကြီးမား ပါပေတယ်။ လူငယ်တွေကို မူးယစ်ဆေး ဘယ်လိုသုံးရမယ် ဆိုတာ ဓါတ်ပုံနဲ့တကွ ဖော်ပြပေးလို့ပါ။ ဒါကြောင့် ပြောတာပေါ့ဗျာ။ မြန်မာစကားပုံမှာ ငါးပိဖုတ်တာတောင် ဆရာမပြရင် နည်းမကျဘူးဆိုတာ။ အဲဒီအပြင် မူးယစ်ဆေးတွေရဲ့ ပေါက်ဈေးတွေပါ ဖော်ပြပေးထားလေတော့ ၀ယ်ယူ သုံးစွဲချင်တဲ့ လူငယ်တွေ၊ လက်တွေ့ စမ်းသပ်ချင်တဲ့ လူငယ်တွေ အနေနဲ့ ပစ္စည်းမှန် ဈေးမှန် အရည်အသွေး မှန်ကို ၀ယ်ယူသုံးစွဲနိုင်တာပေါ့။ အဲဒီ စာရေးသူတွေကိုလည်း ထပ်ပြီး တောင်းဆိုချင်ပါတယ်။ မူးယစ်ဆေး အမျိုးမျိုး သုံးစွဲနည်းဆိုပြီး မူးယစ်ဆေး တစ်မျိုးခြင်း အလိုက် ဘယ်လို သုံးစွဲရတယ်ဆိုတာကို အခန်းဆက် ဖော်ပြပေးစေလိုပါတယ်။ ဒါမှ လူငယ်တွေအားလုံး မူးယစ်ဆေးစွဲ (အဲလေ) မူးယစ်ဆေးရဲ့ ဆိုးကျိုးတွေကို သိပြီး ရှောင်ရှားနိုင်မှာ ဖြစ်တယ်။ ပြီးရင် မာဂျေနဲ့ ဆက်သွယ်လိုက်ပါ။ လုံးချင်းစာအုပ်ဖြစ်အောင် မာဂျေ ထုတ်ပေးပါ့မယ်။ အခုဆိုရင် ညဖက် ၁၂နာရီကျော်ရင် ရုပ်သံတွေက လာနေတဲ့ အစီအစဉ် တစ်ခုရှိတယ်။ မူးယစ်ဆေးတွေကို ဗိုက်ထဲမျိုချပြီး တစ်နိုင်ငံကနေ တစ်နိုင်ငံကို ဘယ်လိုသယ်တာ၊ ဘယ်လိုရောင်းတာ၊ သုံးတဲ့သူတွေ ဘယ်လို သုံးနေကြတယ် ဆိုတာလေ။ အဲဒါတွေ မြန်မာမှု ပြုလိုက်ရင်လည်း ကလေးတွေ အတွက် မူးယစ်ဆေး ဗဟုသုတ မတိုးပေလားဗျာ။ မာဂျေက အင်္ဂလိပ်စာ မတတ်လို့ တတ်တဲ့သူတွေကို ဟင်းစား တင်မက ကွန်ချက်ကြီးပါ ပြလိုက်တာ ဖြစ်တယ်။ ဒါပေမယ့် မိကျောင်းမင်း ရေကင်းပြတယ်လဲ မထင်ကြပါနဲ့၊ နွားရှေ့ ထွန်ကျူးတယ်လဲ မထင်ကြပါနဲ့။ တစ်ခုတော့ အကြံပေးပါရစေ။ ဒီလောက်ကောင်းတဲ့ ဆောင်းပါးကို ဒီထက်ပြည့်ပြည့် စုံစုံလေး ရေးစေချင်ပါတယ်။ ဖုန်းနံပါတ် တစ်ခုကို ဆက်ရင်းကားနဲ့ ဆေးလာပို့ရုံမက ကားပေါ်မှာပါ သုံးလို့ရတယ် ဆိုပေမယ့် ဘယ်ဖုန်းနံပါတ်ကို ဆက်ရမယ်ဆိုတာ မသိလို့ စမ်းသပ်ချင်တဲ့ လူငယ်တွေ အခက်တွေ့နေတယ်လို့ ကြားနေရတယ်။ ဒါကြောင့် တယ်လီဖုန်း နံပါတ်လေးကို လက်သိပ်ထိုးလေး ပေးစေချင်ပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံထဲကို မူးယစ်ဆေးသယ် လာတဲ့ လမ်းကြောင်းတွေဖော်ပြ ပေးသလို ရန်ကုန်မှာပဲ မူးယစ်ဆေးတွေ အထူးသဖြင့်တော့ ယာဘတွေကို ရိုက်နေတဲ့ စက်တွေရှိတယ်။ အဲဒါလေးလည်း စုံစမ်းပြီး  ရေးပေးစေချင်ပါတယ်။ မာဂျေ သိသလောက်တော့ အလုံဖက်က ကွန်ဒိုတစ်ခုမှာ အကြီးအကျယ် ရိုက်ပြီး ဖြန့်နေသလို အလုံပိတ်ကားလေးတွေ ထဲမှာလည်း ကားမောင်းရင်း ရိုက်တဲ့ ရွှေ့လျားယာ ဘရိုက်စက်တွေ ရန်ကုန်မှာ ရှိတယ်ကြားတယ်။ အဲဒါလေးတွေပါ ဆက်ရေးပေးပါဦး။ ဒါမှ လက်လီလက်ကား ရောင်းချလိုသူတွေ ဆက်သွယ်နိုင်မှာ မဟုတ်ပေလားဗျာ။ နောက်ပြီး စားသောက်ဆိုင် တစ်ချို့မှာ လူငယ်တွေစုပြီး မူးယစ်ဆေး သုံးတာ ကြားနေရတာ့ ဒီစားသောက်ဆိုင် စာရင်းလေးတွေလည်း ရေပြကြပါဦး။ ပြီးရင် မူးယစ်ဆေးတွေရဲ့ ရာဇ၀င်ဆိုတာလေးပါ ထည့်ပေးရင် အတိုင်ထက် အလွန်ပေါ့။ ယာဘဆိုတာ ၁၈၈၇ ခုနှစ်လောက် ကတည်းက ထုတ်ခဲ့တာ ဖြစ်တယ်။ အမှန်က ရောဂါကုသဆေး တစ်ခု အနေနဲ့ ထုတ်ခဲ့တာတို့ ဘာတို့လည်း ရေးရင် ဗဟုသုတ မရပေလားဗျာ။ နောက်ဆုံးမတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ထိုက်တဲ့ သူတွေ ရှိသေးတယ်။ စာပေ လွတ်လပ်ခွင့်ပေါ့ဗျာ။ စာပေ လွတ်လပ်ခွင့်ရလို့ ဒါမျိုးရေးပြီး လူငယ်တွေကို မူးယစ်ဆေး ဘယ်လိုရှူရတယ်ဆိုတာ ဖော်ပြနိုင် (အဲလေမှားလို့) မူးယစ်ဆေး ဆိုးကျိုးတွေကို ဖော်ပြနိုင်တာ မဟုတ်လား။ အရင်တုန်းက ကြော်ငြာမှာ AIDS ကာကွယ်ရေး အတွက် ကွန်ဒုံးကြော်ငြာတာတောင် ခွင့်မပြုခဲ့ရာကနေ အခုဆိုရင် ဘယ်လောက်တောင် လွတ်လွတ်လပ်လပ် ရေးခွင့်တွေ ဖော်ပြခွင့်တွေ ရနေပြီလဲဆိုတာ မျက်မြင် မဟုတ်လား။ မျက်နှာဖုံးမယ်လေးတွေဆိုရင် အပေါ်ပိုင်း အတွင်း ပစ္စည်းတွေပါ ပြသလို့ရနေတဲ့ အထိ စာပေ အခွင့်အရေးတွေ ရနေကြပြီလေ။ လိုရင်းကို ချုပ်ရရင် မာဂျေကြီး တစ်ယောက်ကတော့ စာစောင်တွေ ကျေးဇူးနဲ့ အသက်ကြီးမှ သရက်သီး ကြွေကျ (မှားပြန်ပြီ) အသက်ကြီးမှ မှန်ကန်သော မူးယစ် ဆေးသုံးစွဲနည်းကို သိလာရတဲ့ အတွက် ဘ၀မှာ မလုပ်ဖူးတာ မရှိလေရအောင် တစ်ခေါက်လောက် စမ်းကြည့်မလား တွေးနေမိတယ်။ ဒါကြောင့် စာပေမြင့်မှ လူမျိုးတင့်မယ်တို့ စာအုပ်စာပေ လူ့မိတ်ဆွေတို့၊ စာပေသည် ပြည်သူ့အတွက်တို့ ဆိုတဲ့ ဆောင်ပုဒ်တွေကို ရှေးလူကြီးတွေက ရေးခဲ့တာ မဟုတ်ပေလားဗျာ။ ဒါကြောင့် မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့် အဓွန့်ရှည်ပါစေ။ စာပေကင်ပေတိုင် အဖွဲ့ ထပ်မံပေါ်ပေါက်ရေး ဒို့အရေးဆိုတဲ့ ဆောင်ပုဒ်တွေကိုလည်း ပရိုမိုးရှင်း လုပ်ရင်း ပြည်သူတွေနဲ့ လူငယ်တွေ အကျိုးရှိမယ့် စာတွေကို ဆက်လက် ဖော်ပြနိုင်ကြပါစေလို့ ဒီနေရာကနေ ဆုတောင်းပတ္ထနာ ပြုအပ်ပါတယ်ခင်ဗျား။

မာဂျေ

 

Category: 

Share