အရှေ့တောင်အာရှရဲ့ အလုံခြုံဆုံး အင်းစိန်ထောင်မှ နိုင်ငံရေးသမားတစ်ယောက် အိမ်မက်ဆန်ဆန် လွတ်မြောက်သွားခြင်း - ဇော်သက်ထွေး

“မင်းတို့မြဲမြဲမှတ်ထားကြ . . . ဟောဒီ အကျဉ်းထောင်ကို ဗဟိုစံပြ အင်းစိန်ထောင်လို့ခေါ်တယ် . . .
၆၈ ဧကကျယ်ပြီး အုတ်ရိုးက ပေ ၂၀မြင့်တယ်။ အုတ်ရိုးနှစ်ထပ် ကာထားပြီး ညဘက်ဆိုရင် စစ်ခွေးတွေကို အုတ်ရိုးနှစ်ထပ်ကြားထဲ လွှတ်ထားတယ် . . . ဒီထောင်ဟာ အရှေ့တောင် အာရှမှာ အကြီးမားဆုံးနဲ့ အလုံခြုံဆုံးထောင်ပဲ . . . ဒီထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး . . .ဒီတော့မင်းတို့အားလုံး ထွက်ပြေးဖို့ မကြိုးစားပါနဲ့ . . .မကြံစည်ပါနဲ့ . . .အေးအေးဆေးဆေးနေကြ . . .ဒါပဲ”

ဤစကားသည် ကျွန်တော်တို့ ထောင်ထဲရောက်ရောက်ချင်း အင်းစိန်ထောင်ပိုင်ကြီးမှ ပြောသော သတိပေးစကား ဖြစ်ပါသည်။ သူပြောတာ မှန်ပါသည်။ အင်းစိန်ထောင်သည် အင်္ဂလိပ် အစိုးရ လက်ထက် ကတည်းက စနစ်တကျ စီမံဆောက်လုပ်ထားပြီး နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းရှိသည့် စံပြ ထောင်ကြီး ဖြစ်ပါသည်။

ထောင်ကို နာရီဒိုင်ခွက် ပုံစံအတိုင်း တည်ဆောက်ထားပြီး အလယ်တည့်တည့်တွင် ကင်းမျှော်စင်ကြီး ရှိပါသည်။ အုတ်ရိုးပေါ်တွင်လည်း ကင်းမျှော်စင်များ တည်ဆောက်ထားပြီး ၂၄နာရီအပြည့် ကင်းအမြဲ ချထားပါသည်။ လုံခြုံရေး အစီအမံတွေက ထူထပ်သိပ်သည်းသည်။

ထောင်အုတ်ရိုး အပြင်ဘက်တွင် သံဆူးကြိုးဖြင့် ထပ်မံကာရံထားသည်။ အပြင်ဘက်တွင် ၀န်ထမ်း လိုင်းခန်းများရှိသည်။ သင်တန်းကျောင်းများရှိသည်။ အင်းစိန် CID ရုံးလည်းရှိသည်။ ထောင်ထဲက အကျဉ်းသား တစ်ယောက် အုတ်ရိုးကျော်ပြီး ထွက်ပြေးလွတ်မြောက်ဖို့ဆိုတာ မည်သို့မှ မဖြစ်နိုင်ပါ။

ထောင်ထဲမှာလည်း အဆောင်များ၊ တိုက်များကို အုတ်ရိုးငယ်များဖြင့် အဆင့်ဆင့် ကာရံထားသည်။

အဆောင် ၅ ဆောင်ကို သီးခြားခွဲခြားကာရံ ထားသည်သလို တိုက်ဝင်း၊ ဆေးရုံ၊ အထူးဝင်း၊ မီးဖို၊ အလုပ်ရုံ၊ မိန်းမဆောင်များကိုလည်း ခွဲခြားကာရံထားပါသည်။ တစ်နေရာမှ တစ်နေရာသို့ ကူးသန်း သွားလာခြင်း မရှိစေရ။

တိုက်ဝင်းထဲတွင် တိုက် ၆တိုက်ရှိသည်။ ထိုအချိန်ကာလက ၈၈အရေးတော်ပုံနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ အားလုံးနီးပါး တိုက်ထဲသို့ ရောက်လာကြသည်။ အများစုမှာ ထောင်ဒဏ် အပြစ်ပေးခံရ သူများဖြစ်ပြီး အမှုမပြီးပြတ်သေးသော သူများကို စစ်ကြောရေး ကာလအတွင်း အချုပ်ဆောင် (၁) နှင့် (၂)တွင် ခေတ္တထားသည်။ အချုပ်ဆောင်များမှာ ကိုလိုနီခေတ်လက်ရာ နှစ်ထပ်ဆောင်များဖြစ်ပြီး ထုထည်ကြီးမားသည်။ အချုပ်ဆောင် တစ်ဆောင်လျှင် အကျဉ်းသား တစ်ထောင့်ငါးရာကျော် ဆန့်သည်။

သူတို့အားလုံး စစ်ဆေးဆဲ ကာလဖြစ်၍ အကျဉ်းသားဟု သတ်မှတ်၍မရ။ ထို့ကြောင့် အကျဉ်းသား ၀တ်စုံဖြစ်သည့် ထိုစဉ်က အဖြူရောင်အင်္ကျီ၊ ပုဆိုးများကို မ၀တ်ရပေ။ သာမန်လူများအတိုင်း အင်းစိန်ထောင်ထဲတွင် နေထိုင်ခွင့်ရှိသည်။ အလုပ်လည်း မလုပ်ရသလို ရမ္မာန်ကြီး တစ်ပတ်တစ်ကြိမ် တရားရုံးသို့ သွားရသည့်အတွက် အပြင်လောကနှင့် အဆက်မပြတ်သော သူများ ဖြစ်ကြသည်။

အချုပ်ဆောင်တစ်ခု ဖြစ်သည့် (၁) ဆောင်တွင် ရာဇ၀တ်ပုဒ်မ အကျဉ်းသားများ (Criminal) နှင့်အတူ နိုင်ငံရေးပုဒ်မဟု အားလုံးနားလည်သည့် ပုဒ်မ ၅(ည) အကျဉ်းသား ၁၀၀ ခန့်နေထိုင်သည်။ ပုဒ်မ ၅(ည) အကျဉ်းသားများထဲတွင် မထင်မရှားနှင့် အေးအေးဆေးဆေး နေတတ်သော လူတစ်ယောက် ရှိပါသည်။ သူ့နာမည်က မြင့်အောင်။ အသက် ၃၀ခန့်၊ အသားမဖြူမညို စကားလည်း သိပ်မပြော။ သူက ပုဇွန်တောင် NLD အဖွဲ့ဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် မဟာသင်္ကြန်တွင် စစ်အုပ်ချုပ်ရေးနှင့်  ပတ်သက်ပြီး သံချပ်ထိုး၍ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

သူ့သတင်းက နိုင်ငံပိုင် သတင်းစာထဲတွင် ဖော်ပြခဲ့၍ ဟိုးလေးတကြော် ဖြစ်ခဲ့ရသည်။ ဘာတဲ့ ဘတ်စ်ကား မှတ်တိုင်တွင် မသင်္ကာဖွယ်ရာ လူတစ်ယောက်ကို ရှာဖွေစစ်ဆေးရာ သင်္ကြန်သံချပ် စာရွက်များ၊ NLD အဖွဲ့ဝင်ကတ်နှင့် ထဘီတစ်ထည် စစ်ဆေး တွေ့ရှိခဲ့သည်ဟုဆိုကာ သတင်းစာထဲ ထည့်လိုက်ခြင်း ဖြစ်သည်။

သူကတော့ သူ့အမှုအကြောင်း ဘာမှမပြော။ ထဘီက သူ့မိခင်ကြီး အတွက် အပ်ချုပ်ဆိုင်မှ ရွေးယူလာခြင်း ဖြစ်သည်။ ဒီထဘီတစ်ထည်ကို မည်သို့စစ်ဆေးပြီး အမှုတည်ဆောက်မလဲဆိုသည်ကို အားလုံးက စိတ်ဝင်စားနေကြသည်။ ကိုမြင့်အောင်ကတော့ အချုပ်ဆောင်တွင် ဒိုက်ထိုးလိုက်၊ အိပ်ထမတင် လုပ်လိုက်နှင့် ကျန်းမာရေး လိုက်စားလျက်ရှိသည်။

သူ့ကိုစစ်ကြောရေးလုပ်ပြီး ပုဇွန်တောင် တရားရုံးတွင် တရားစွဲဆိုထားသည်။ သို့သော် ထောက်လှမ်းရေးက ပုဒ်မနည်းသည်ဆိုကာ မကျေနပ်။ ထို့ကြောင့် အင်းစိန်ထောင်ထဲတွင် စစ်ကြောရေး ထပ်ဝင်နေသည်။ သူ့ကိုစွပ်စွဲသည့် ပုဒ်မတွေထဲတွင် သူ့မိခင်၏ ထဘီတစ်ထည်ကြောင့် ဖောက်ထွင်းခိုးမှု (Bulgary Act) ပါဝင်နေသည်။ ထူးဆန်းသလို ရယ်စရာလည်း ကောင်းပါသည်။

သို့သော် ကိုမြင့်အောင်က တစ်ဖက်သတ် စွပ်စွဲခံရသည့် ပုဒ်မများအကြောင်း သိပ်မပြောပါ။ လောကဓံကို ကြိတ်မှိတ်ခံသည်။ ထောင်ထဲတွင် အားကစားကိုတော့ ဂရုစိုက်တတ်သည်။ အမှု လက်ကျန်တွေ အတွက်တော့ ထောင်တွင်း စစ်ကြောရေးကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ယောက်က သူရုံးထွက်မရှိသည့် နေ့များတွင် လာစစ်သည်။ သူ၏ နိုင်ငံရေး ခံယူချက်နှင့် သဘောထား အမြင်ကို တောင်းခံသည်။ ကိုမြင့်အောင်က သူ့ယုံကြည်ချက်နှင့် ပတ်သက်၍ နည်းနည်းမှ မလျှော့။ သူ့အမှုတွေက လွှတ်ပေး၍ရသည့် အနေအထားမှာ ရှိကြောင်း အရိပ်အမြွက်ပြော၍ သူ့ယုံကြည်ချက်ကို ချေမွရန် ကြံစည်သော်လည်း မအောင်မြင်။

ကိုမြင့်အောင်ကလည်း သူ့ကိုယ်သူ “ကျလူ”အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ အမေ့ထဘီ တစ်ထည်ကြောင့် သူခိုးဟုစွပ်စွဲပြီး ထောင်ချရင်လည်း ချပါစေတော့။

ထိုတစ်ညနေသည် အင်းစိန်ထောင် အတွက် ထူးထူးခြားခြား ဖြစ်နေသည်။ ညနေ ၇နာရီ ကျော်ပြီဖြစ်သော်လည်း လူစစ်ဆေး တန်းစီနေသည့် အကျဉ်းသားများကို တန်းဖြုတ်ခွင့်မပေး။ အမှန် တကယ်တော့ ညဂျူတီ ၀င်လာသည့် ၀န်ထမ်းများက “ထောင်ပိတ်လူပေါင်း”ကိုက်ပြီဆိုလျှင် “ထောင်ပိတ် သံချောင်း”ခေါက်ကာ နေ့ဝန်ထမ်းများထံမှ တာဝန်ကို လွှဲပြောင်းယူရစမြဲဖြစ်သည်။ ယခု ၇ နာရီကျော် ၈ နာရီနီးပါးရှိပြီ ဖြစ်သော်လည်း တန်းမဖြုတ်။ သံချောင်းမခေါက်။

လူတွေက ထိုင်ရလွန်း၍ ညောင်းညာကုန်ကြပြီ။ ၀န်ထမ်းတွေက လူပေါင်းလာရေလိုက်၊ ပြန်သွား လိုက်နှင့် အလုပ်ရှုပ်နေသည်။

ထောင်မှာ တစ်ခုခု ဖြစ်နေတာတော့ သေချာသည်။ အကျဉ်းသားတွေကတော့ ထင်ရာမြင်ရာတွေကို တစ်ယောက်တစ်မျိုး ပြောဆိုနေကြသည်။ ည ၉နာရီတွင် မိန်းဂျေးလ် (Main Jail) တာဝန်ခံထောင်မှူး ကိုယ်တိုင် လူလာရေတွက်သည်။ ပြီးတော့ တန်းဖြုတ်ပေးလိုက်သည်။ လူတွေက ၀မ်းသာအားရဖြင့် အိပ်ရာတွေ ခင်းနေကြသည်။ ထိုအခိုက် ထောင်မှူးကြီး ရောက်လာပြီး လူပေါင်း မကိုက်၍ အားလုံးကို ပြန်ထိုင်ခိုင်းသည်။ ထောင်ပိုင်လေး ဦးဇော်အုန်းကိုယ်တိုင် လာစစ်ဆေးသည်။ သို့သော် လူပေါင်းက မကိုက်ညီပြန်။

ဤသို့ဖြင့် လူရေတွက် စစ်ဆေးသည့် အရာရှိအဆင့်က ကြီးသထက် ကြီးလာသည်။ အကျဉ်းသား တွေမှာလည်း တန်းဖြုတ်လိုက်၊ ပြန်ထိုင်ခိုင်းလိုက်နှင့် ည၂နာရီကျော်လာပြီ။ သို့သော် လူတစ်ယောက် ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ထောင်လေးဖက် လေးတန်မှ မီးမောင်းကြီးများကို ဖွင့်လိုက်ကြသည်။ တစ်ထောင်လုံး ထိန်ထိန် လင်းသွားသည်။ အပြင်ဘက်မှ အင်အားဖြည့် ၀န်ထမ်းတွေ ၀င်လာကြသည်။ လူရှာရန် စစ်ခွေးတွေလည်း ခေါ်လာကြသည်။ အဆောင်တိုင်းတွင် ခွေးဟောင်သံများ ဆူညံသွားသည်။

အကျဉ်းဦးစီး ၀န်ထမ်းများက သစ်ပင်တွေပေါ် ရှာဖွေကြသလို ချောင်ကြိုချောင်ကြားတွေကိုလည်း ပိုက်စိပ်တိုက် ရှာဖွေကြသည်။ ဘာမှမတွေ့။ မည်သည့် သဲလွန်စမှမရ။ ၀န်ထမ်းတွေ အလုပ်ကြီးဝင်းထဲ ရှာကြပြန်သည်။ ဘာမှမရှိ။ စူးရှလင်းထိန်သည့် မီးမောင်းကြီးများကတော့ ထောင်အုတ် တံတိုင်းပေါ်တွင် ရွေ့လျား ကစားနေကြသည်။

လင်းအားကြီး အချိန်တွင် ထောင်ပိုင်ကြီးနှင့် အချုပ်ရုံး ၀န်ထမ်းများ ရောက်လာကြပြန်သည်။ အကျဉ်းသား တစ်ဦးချင်းစီကို ထောင်နံပါတ်တွေနှင့် အမည်တွဲပြီးခေါ်ကာ စစ်ဆေးကြသည်။ အခြေအနေက ဆိုးသထက် ဆိုးလာသည်။ သန်ခေါက်ထက် ညဉ့်မနက်တော့။ ညနေ ၅ နာရီမှ တန်းစီခဲ့ရသော အကျဉ်းသား အားလုံးသည် နောက်တစ်နေ့ နံနက် ၇နာရီအထိ တန်းဖြုတ်ခွင့်မပေး။ အဖြေကတော့ တစ်စတစ်စ ပီပြင်လာသည်။ သတင်းတွေက လေနှင့်အတူ အားလုံးထံ ရောက်လာ ကြသည်။

အင်းစိန်ထောင်ထဲမှ လူတစ်ယောက် ထွက်ပြေး လွတ်မြောက်သွားသည့် သတင်းမှာ သေချာသွားပြီ။

ထိုအကျဉ်းသားမှာ သာမန် ရာဇ၀တ် အကျဉ်းသား မဟုတ်။ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ပြစ်တင် စွပ်စွဲခြင်း ခံထားရသော ၅(ည) အကျဉ်းသား တစ်ယောက်၊ အတိအကျ ဆိုရလျှင် အချုပ်ဆောင် (၁)တွင် နေထိုင်သည့် ပုဇွန်တောင်သား ကိုမြင့်အောင်။

အရှေ့တောင် အာရှတွင် အကြီးဆုံးနှင့် အလုံခြုံဆုံးထောင်ဟု တင်စားကြသော အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား တစ်ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီ။

သူဘယ်လို လွတ်မြောက်သွားတာလဲ။

ကိုမြင့်အောင် ဘယ်လို လွတ်မြောက်သွားတာလဲ။

အကျဉ်းထောင် တစ်ထောင်လုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံးရော၊ အကျဉ်းသား အားလုံးပါ ကိုမြင့်အောင်ထောင်မှ မည်သို့မည်ပုံ လွတ်မြောက်သွားသလဲ သိချင်နေကြသည်။
ကိုမြင့်အောင် လွတ်မြောက်သွားပုံက တော်တော်ထူးဆန်းပါသည်။

သတင်းတပ်ဖွဲ့က ပုဇွန်တောင် NLDမှ ကိုမြင့်အောင်ကို နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနှင့် တရားစွဲရုံနဲ့ အားမရဘဲ ထပ်တိုးပုဒ်မတွေနှင့် ရုံးတင် တရားစွဲနိုင်အောင် ထောင်တွင်း စစ်ကြောရေး ထပ်လုပ်နေသည်။ ကိုမြင့်အောင် လွတ်မြောက်သွားသည့်နေ့က စစ်ကြောရေး တာဝန်ယူထားသည့် ပုဂ္ဂိုလ်သည် ထောင်သို့ နောက်ကျပြီး ရောက်လာသည်။ လာတော့လည်း အလောတကြီး ဖြစ်နေသည်။

ကိုမြင့်အောင်ကို အချုပ်ဆောင်မှ ခေါ်ခိုင်းပြီး ထောင်ကျရုံးဘက်ရှိ သီးခြားအခန်းတွင် စစ်ဆေးသည်။ စစ်ဆေးတော့လည်း ဒီမေးခွန်း၊ ဒီဖြစ်စဉ်၊ ဒီအဖြေတွေပဲဖြစ်ကာ ငြီးငွေ့စရာ ကောင်းနေသည်။ ဒီဇာတ်လမ်း၏ ရည်ရွယ်ချက်ကို စစ်ဆေးသည့် ပုဂ္ဂိုလ်ရော၊ စစ်ဆေးခံနေရသည့် ကိုမြင့်အောင်ရော  သိနေကြသည်။ ထိုအခိုက် စစ်ကြောရေး လုပ်နေသည့် ပုဂ္ဂိုလ် ဗိုက်နာလာသည်။ ဒီတော့ ကိုမြင့်အောင်ကို “ကိုယ်တိုင်ရေးဖြောင့်ချက်” အရေးခိုင်းပြီး အိမ်သာသွားတက်သည်။

ကိုမြင့်အောင် ကိုယ်တိုင်ရေးဖြောင့်ချက် စရေးသည်။ ရေးရင်းရေးရင်း သူ့ဘ၀သူ စိတ်နာလာသည်။ စာရေးတာ ရပ်လိုက်ပြီး စစ်ကြောရေး စားပွဲကို အမှတ်မထင် ငေးစိုက်ကြည့်လိုက်သည်။ စားပွဲပေါ်တွင် စစ်ကြောသူ၏ ဦးထုပ်နှင့်ဖိုင် လက်ပတ်နာရီကိုပါ ချွတ်ပြီး တင်ထားတာ တွေ့ရသည်။ နံရံတွင် အိတ်ကို ချိတ်ဆွဲထားသည်။ ကိုမြင့်အောင် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။ စပို့ရှပ်အင်္ကျီ၊ ပလေကပ်နှင့် ကတ္တီပါ ဖိနပ်နှင့် သာမန် လူတစ်ယောက်နှင့် ဘာမှမခြားနား အိမ်သာ သွားတက်နေသော ပုဂ္ဂိုလ်နှင့် အားလုံးအတူတူ။ သူ့ဦးခေါင်းတွင် အလင်းတစ်ခု ဖျတ်ခနဲ လင်းထွက်သွားသည်။ ရရှိနေသည့် အခွင့်အရေးကို ကိုမြင့်အောင်က လက်လွတ်မခံ။ သူ့အတွက် စက္ကန့်တိုင်း၊ မိနစ်တိုင်းက အရေးကြီးနေသည်။

ကိုမြင့်အောင် စားပွဲပေါ်မှ လက်ပတ်နာရီကို ခပ်တည်တည် ကောက်ပတ်လိုက်သည်။ ဦးထုပ်ကို ယူပြီး ဆောင်းလိုက်သည်။ တိုင်တွင် ချိတ်ထားသော အိတ်ကို ပခုံးတွင် ကောက်လွယ်လိုက်သည်။ အိတ်ထဲ ကြည့်လိုက်တော့ ဧည့်ကတ်ပြားပါတွေ့၍ ပိုပြီး အဆင်ပြေသွားသည်။ ဧည့်ကတ်ပြားကို ယူပြီး လည်ပင်းတွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် အင်းစိန်ထောင် ဗူးတံခါးကြီးသို့ အေးဆေးတည်ငြိမ်စွာ ထွက်ခွာသွားသည်။

ထောင်ဘူး တံခါးကြီးထဲတွင်လည်း ရုံးထွက်၊ ရုံးပြန်အချုပ်၊ အကျဉ်းသားများ၊ ဂျူတီချိန်းသည့် ၀န်ထမ်းများ၊ ဧည့်သည်များကြောင့် ရှုပ်ထွေး ဆူညံလျက်ရှိပါသည်။ ထောင်အပြင်ဘက်တွင် အလုပ်လုပ်ကြသော “အပြင်ဘုတ်” အကျဉ်းသားများကို ကျွေးရန် ထမင်းကားကလည်း အပြင်ထွက်ရန် စောင့်နေသည်။ ကိုမြင့်အောင် ဘူးတံခါးရှေ့တွင် ရပ်လိုက်သည်။ တံခါးသော့ အဖွင့်အပိတ် လုပ်သော ဒုတပ်ကြပ်အား ခြေဟန်လက်ဟန်နှင့် တံခါးကို ဖွင့်ခိုင်းလိုက်သည်။

ဒုတပ်ကြပ်က သတင်းတပ်ဖွဲ့မှ လူမှန်း သိသာနေ၍ ပျာပျာသလဲ ဖွင့်ပေးသည်။ တံခါးထဲရောက်တော့ ကိုမြင့်အောင်က ဧည့်ကတ်ပြားကို လည်ပင်းမှဖြုတ်ပြီး ပြန်ပေးလိုက်သည်။

“ရုံးချုပ်က အရေးတကြီး လှမ်းခေါ်နေလို့”

“ဟုတ်ကဲ့ပါ ဆရာ”

တံခါးထောင်မှူးက ဧည့်မှတ်တမ်း စာအုပ်ကို ရိုရိုသေသေ လှမ်းပေးသည်။ စာအုပ်ထဲတွင် ဘောပင် တစ်ချောင်း ညှပ်ထားသည်။ တံခါးတာဝန်ကျ ထောင်မှူးအနေနှင့် နေ့စဉ်ဝင်ထွက်နေသော လူထောင်ပေါင်း များစွာကို မှတ်မိဖို့ဆိုတာ မဖြစ်နိုင်ပါ။

“အထွက် လက်မှတ်လေး ထိုးပေးခဲ့ပါဦးဆရာ”

ကိုမြင့်အောင်က စာအုပ်ကိုဖွင့်ကာ ဧည့်မှတ်တမ်းတွင် “မြင့်အောင်”ဟု ခပ်တည်တည်ငြိမ်ငြိမ် ရေးထိုးပေးလိုက်သည်။ အကျဉ်းဦးစီး ၀န်ထမ်း တစ်ယောက်က ဘူးတံခါး မလွယ်ပေါက်ကို သော့ဖွင့်ပေးလိုက်သည်။ ကိုမြင့်အောင် တံခါးပေါင်ကို ကျော်ပြီး ထွက်လိုက်သည်။

လတ်ဆတ်ပြီး အေးမြနေသော အပြင်လေကို အားပါးတရ ရှူရှိုက်လိုက်သည်။ သူ့ကျောဘက်မှ တံခါးသော့ပိတ်သံကို ကြားလိုက်ရသည်။ နောက်ကို လုံးဝ လှည့်မကြည့်။ ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းလိုက်သည်။ အချိန်က သိပ်မရှိ၊ ရန်ကုန်ကနေ လွတ်မြောက်ရန်လိုသည်။ မိခင် နှင့် ဇနီးကိုလည်း တွေ့ချင်သည်။ တိတိကျကျ ပြောရလျှင် နှုတ်ဆက်ချင်သည်။ ထို့ကြောင့် အိမ်ကိုတော့ ပြန်မှဖြစ်မည်ဟု ရဲရင့်စွာ ဆုံးဖြတ်လိုက်သည်။

အိမ်ရောက်တော့ မိခင်က သူ့ကိုဖက်ငိုသည်။ “ဖြစ်ရလေသားရယ်”ဆိုပြီး မချိတင်ကဲဆိုသည်။ ခွဲခွာရတော့မှာကို သိပြီး သူ့မျက်နှာကို အထပ်ထပ် နမ်းသည်။ ဇနီးဖြစ်သူကတော့ မျက်ရည်ဝဲလျက် အံကို တင်းတင်းကြိတ်ထားပြီး စကားတစ်ခွန်းမှမဟ။ သူ့ကို အကောင်းဆုံး ထမင်းနှင့်ဟင်း ခူးခပ် ကျွေးသည်။

ကိုမြင့်အောင်က မြိန်ရှက်စွာ စားသည်။ ပြီးတော့ ကလေးတွေကို နှုတ်ဆက်သည်။

ဘယ်အချိန်မှ ပြန်တွေ့ရမည် မသိ၍ နှစ်သိမ့်ရန် စကားလုံး ရှာမရ။

ထို့နောက် ဇနီးသည် ပေးလိုက်သော ငွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ထွက်ခွာ သွားတော့သည်။

ရန်ကုန်မှ ထိုင်းနယ်စပ်သို့ ကိုမြင့်အောင် ရောက်ရှိသွားပြီးနောက် အင်းစိန် ဗဟိုစံပြ အကျဉ်းထောင်တွင် ထူးခြားသည့် အမိန့်တစ်ခု ထွက်လာသည်။

“ထောင်ထဲတွင် ကတ္တီပါ ဖိနပ်မစီးရ”

ထိုအချိန်မှစပြီး ထောင်ပိုင်ကြီးကလည်း အင်းစိန်ထောင်ကို အရှေ့တောင် အာရှတွင် အလုံခြုံဆုံးနှင့် အကြီးမားဆုံး ထောင်ဟု မပြောတော့။ အချုပ်ဆောင် အကျဉ်းသားများကိုလည်း တခြားနေရာ ခေါ်ကာ စစ်ကြောရေး လုပ်ခွင့် မရှိတော့။ ကိုမြင့်အောင်၏ အကြောင်းကိုလည်း ၂၅နှစ်ကြာသည့်တိုင် မည်သူမှ မပြော၍ မကြားရတော့ပေ။   

ဇော်သက်ထွေး

 

Category: 

Share