အိန္ဒိယမှာ နှစ်(၂၀) (နယူးဒေလီက ဒုက္ခသည် ပိုင်အိုးနီးယားများ) - ကိုညို(အော်စလို)

ဒီမိုကရေစီ၊ အာဏာရှင်၊ တော်လှန်ရေး၊ ဒုက္ခသည်ဆိုတဲ့ ဝေါဟာရတွေဟာ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်သူတွေ နားမဆန့်အောင် ကြားခဲ့ရတဲ့ ဝေါဟာရအသစ်တွေ ဖြစ်လာတယ်။ တခုနဲ့တခု ဆက်စပ်နေတဲ့ အကြောင်းအကျိုးတရားလေးတွေနဲ့ပါ။ ဒီမိုကရေစီ တောင်းလို့ စစ်အာဏာရှင်တွေ ပေါ်လာတယ်၊ စစ်အာဏာရှင် စနစ်ကြောင့် တော်လှန်ရေး ဖြစ်လာတယ်၊ ဒုက္ခသည်တွေ ပေါ်လာတယ်။

ဒုက္ခသည် (Refugees)ဆိုတဲ့ ဝေါဟာရကလည်း ၁၉၈၈ နောက်ပိုင်း မြန်မာပြည်သူတွေ အကြား ခေတ်အစားဆုံး စကားဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီကျမှ ဒုက္ခသည်ဆိုတဲ့ ဝေါဟာရကို ကြားဖူးခဲ့တာပါ။ ဒီကနေ့အချိန်မှာ ဒုက္ခသည် မဟုတ်တော့ပေမယ့် ရဖြူဂျီဆိုတဲ့ စကားလေး ကြားမိရင် ကိုယ်နဲ့ ဆိုင်သလိုလို ခံစားနေရတုန်း။ အာအီးအက်ဖ်ယူဂျီအီးအီး ဆိုတဲ့ အင်္ဂလိပ်စာလုံးလေး သတင်းစာထဲ တွေ့မိရင် အဲဒီသတင်းလေးကို ယောင်ရမ်းဖတ်မိနေတယ်။ ရဖြူဂျီ ဒုက္ခသည် ဘ၀နှစ် ၂၀ဟာ ကိုယ့် မိုင်းဆက်(Mind-set)ထဲက မပျောက်မပျက်နိုင် ဖြစ်နေတယ်။

နယ်စပ်ဒုက္ခသည်
စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းလိုက်တော့ အိန္ဒိယနယ်စပ်ကို ခိုလှုံလာတဲ့ ကျောင်းသားတွေဟာ တမူး-မိုးလေး လမ်းကြောင်းရယ်၊ ချင်းပြည်နယ်နဲ့ မီဇိုရမ်နယ်စပ် ကျန်ဖိုင်း လမ်းကြောင်းကို ဦးတည်ခဲ့တယ်။ မဏိပူရပြည်နယ် ချန်ဒယ် ခရိုင် အမှတ် (၈) ရိုင်ဖယ်တပ်ရင်းမှာ ဒုက္ခသည်စခန်းတခု၊ မီဇိုရမ် ပြည်နယ် ကျန်ဖိုင်းမြို့ပြင်က အကျဉ်းထောင် အသစ်ကို ဒုက္ခသည် စခန်းအဖြစ် ဖွင့်ထားတယ်။ ကျောင်းသား လူငယ်အများစု လာရင်းရည်ရွယ်ချက်က အိန္ဒိယ အစိုးရဆီက လက်နက်ကိုင် သင်တန်း အကူအညီရချင်လို့ ဖြစ်တယ်။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး။ မြန်မာပြည် ဒီမိုကရေစီရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ဖို့ လာခဲ့သူတွေဟာ အသက် အန္တရာယ်စိုးရိမ်လို့ ထွက်ပြေးခိုလှုံလာသူ အဆင့်လောက်သာ ယူဆသတ်မှတ်ခံရတယ်။ နိုင်ငံရေး၊ ဆက်သွယ်ရေး၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် မရှိဘူး။ ဒါကလည်း အိန္ဒိယ အရှေ့မြောက်ဘက် ဒေသတွေမှာ အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်တဲ့ ဌာနေလက်နက်ကိုင် သူပုန်တွေကလည်း ရှိနေတာကြောင့်လည်း ပါတယ်။ လက်နက်ကိုင်ချင်တဲ့ မြန်မာကျောင်းသားတွေနဲ့ အိန္ဒိယသူပုန်တွေ ပေါင်းမိသွားမှာ အာဏာပိုင်တွေ စိုးရိမ်နေတယ်။ ဒုက္ခသည် စခန်းအပြင် ထွက်ခွင့်မပေးဘူး။ နယ်ကျွံပြီး ထွက်ရင် ဖမ်းပြီး အင်ဖားထောင်ကို ပို့လိုက်တယ်။ လပေါင်းများစွာ ဒုက္ခသည်စခန်းမှာ ရည်မှန်းချက် အတိုင်း အကောင်အထည် မဖော်နိုင်လို့ သည်းမခံနိုင်ဖြစ်ရတယ်။ လူအတ်ာများများ ပြည်တော် ပြန်သူပြန်၊ ထောင်ထဲ ရောက်သူရောက် ဖြစ်ကုန်တယ်။

ဒုက္ခသည်စခန်းအပြင် ထွက်မိတဲ့ ကျွန်တော်နဲ့ သူငယ်ချင်း ညီညီလွင်ဟာ အများတကာ ရုံးပိတ်ရက်ဖြစ်တဲ့ (၁၉၈၉) ခရစ်စမတ်ရာသီမှာ (၁၀)ရက်လောက် ဖမ်းချုပ်ခံထားရပြီး ၁၉၉၀ နှစ်သစ်ကူးမှာ အင်ဖားထောင်ကို ပို့လိုက်တယ်။

အင်ဖားထောင်မှ နယူးဒေလီသို့
၁၉၉၀ စက်တင်ဘာလမှာ ကျွန်တော် အပါအ၀င် ကျောင်းသားလူငယ် ၁၀ယောက်နီးပါး မဏိပူရ ဗဟို အကျဉ်းထောင်ထဲက လွတ်မြောက်ပြီး နယူးဒေလီကို မဏိပူရထောင်ကနေ ဘတ်စ်ကား တတန်၊ မီးရထား တတန်နဲ့ နှစ်ညအိပ် ၃ ရက်လောက်အကြာ နယူးဒေလီကို ရောက်ပါတယ်။ ပူအိုက်ပြီး ကားသံ၊ လူသံ၊ အော်ဟစ်သံတွေအပြင် လမ်းလျှောက်တိုင်း တိုးတိုက်မိနေတဲ့ လူအုပ်ကြီးတွေထဲ ကျွန်တော့မှာ မူးနောက်နေပါတယ်။ နောက်ဆုံး နယူးဒေလီ အနောက်ပိုင်းကျတဲ့ လူနေထူထပ်တဲ့ အူတန်းမ်နာဂ (Uttam Na Ga)ဆိုတဲ့ မြို့နယ်လေးက အိမ်လေး တအိမ်ကို ရောက်သွားတယ်။

အိမ်လို့ခေါ်တာထက် အုတ်တိုက် ဂိုဒေါင်လို့ခေါ်ရင် ပိုမှန်မယ်။ ၀င်ပေါက်တံခါးတချပ်နဲ့ ပြူတင်းတပေါက်ပဲရှိတယ်။ ၈ပေ x ၁၂ပေလောက်ပဲ ကျယ်မယ်ထင်တယ်။ ဒီနေရာလေးမှာ ယာယီ အခိုက်အတန့်နေဘို့ ဦးမောသီရိက စီစဉ်ပေးတာလို့ သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအုပ်နဲ့ ဘယ်လိုမှ နေလို့မဖြစ်နိုင်။ ဖြစ်သလို အိမ်ခြံဝင်း မြေကြီးပေါ် သစ်သားပြားတွေ၊ ကပ်ထူတွေ ခင်းအိပ်တယ်။ တချို့က ဓာတ်ကြိုးတွေ ရှုတ်ရှက်ခတ်နေတဲ့ အိမ်ခေါင်မိုးပေါ် သတိကြီးကြီးထား အိပ်ကြတယ်။ ထောင်ထဲမှာ ကြယ်မမြင် လမမြင် အိပ်ခဲ့ရတာကို အတိုးချပြီး အကာအရံအမိုးမရှိ ကြယ်နက္ခတ်တွေ ကြည့်အိပ်ရတာလည်း လွတ်လပ်မှုတခုပါ..။ နောက်တပတ်လောက်ကြတော့ နွားတင်းကုပ် အနီး သံတံခါးတချပ်ထဲသာရှိတဲ့ အလုံပိတ် ဂိုဒေါင်ကြီး တခုမှာ တလကျော် နေခဲ့ရတယ်။  ကျွန်တော်တို့နဲ့အတူ  မီဇိုရမ်ပြည်နယ် ဘက်ကနေ ကျွန်တော်တို့ထက် အရင် ကြိုရောက်နှင့်နေတဲ့ ရဲဘော်ရဲဘက် တချို့လည်း ရှိနေတယ်။ သူတို့ကတော့ ဦးညွန့်လှ၊ ဒေါ်မော်လီတို့ ဇနီးမောင်နှံ (လက်ရှိကနေဒါ)နဲ့ ဒေါက်တာ ဇော်ဝင်းအောင်၊ မသင်းသင်းအောင်တို့ စုံတွဲဖြစ်တယ်။ ကိုကျော်သန်းလည်း ရှိတယ်၊ သူက အဲဒီတုန်းက နေစရာမရှိလို့ ခြေသလုံးအိမ်တိုင် ဖြစ်နေတယ်။ ပန်းခြံထဲ သွားအိပ်တယ်လို့ ပြောတာပဲ။ ကလကတ္တားမှာ ပညာသင်ရင်း ကိုမြတ်သူ၊ ကိုကျော်သန်းတို့ကို တွေ့လို့ လိုက်ပါလာတဲ့ ကိုဖေမြတ်မောင်သန်းဆိုသူလည်း ရှိနေတယ်။ နယူးဒေလီ ရောက်လာပေမယ့် ကျွန်တော်တို့ အားလုံးမှာ ငွေမရှိ၊ အဆက်အသွယ်မရှိ မျက်စေ့သူငယ် နားသူငယ် မဖြစ်ပါ။ တရားဝင် နေထိုင်ခွင့်လည်း မရှိပဲ မျက်ကန်းတစ္ဆေမကြောက် နေခဲ့ကြတာပါ။

ကျေးဇူးရှင်များ
မီဇိုရမ်နယ်စပ် ကျန်ဖိုင်း ဒုက္ခသည်စခန်းမှာ ချင်းတိုင်းရင်း အများစု နေထိုင်တယ်၊ မဏိပူရ စခန်းလိုပဲ နိုင်ငံရေးလည်း လှုပ်ရှားနိုင်မယ့် အခြေအနေ မရှိတော့ မြို့တော်ဆီ ဦးတည်လာကြတာပေါ့။ အဲဒီအချိန် မဏိပူရစခန်းထဲက ဘယ်သူမှ ဒေလီကိုရောက် လာတာမျိုး မရှိပါ။ မစန်းပွီးဆိုတဲ့ ချင်းအမျိုးသမီး တယောက်ရယ်၊ ကိုနေမျိုးအောင် (ဘိုကြီး) ရယ်ပဲ မဏိပူရ အကျဉ်းထောင်ကနေ အဦးဆုံး နယူးဒေလီကို ရောက်လာတာပါ။ သူတို့နှစ်ယောက် အပါအ၀င် ကျွန်တော်တို့ ထောင်ထွက်တွေကို အကျဉ်းသားဘ၀က လွတ်မြောက်အောင် လူ့အခွင့်အရေး လှုပ်ရှားသူ အိန္ဒိယ ဗဟိုတရားရုံး ရှေ့နေ အမျိုးသမီးကြီး နန်ဒီတာ ဟတ်ခ်ဆာ (Nandita Haksar)က ကြိုးပမ်းပေးတာပါ။ အန်တီ နန်ဒီတာဟာ ထိုင်းခရီးသည်လေယာဉ်ပြန်ကို ကလကတ္တားအရောက် ပြန်ပေးဆွဲခဲ့တဲ့ ရဲမာန်နဲ့ ရဲထင်ကျော်တို့ ထောင်ကလွတ် အောင်ရယ်၊ အန်ဒမန်ကျွန်းမှာ လက်နက်များနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကေအန်ယူနဲ့ NUPA ရခိုင် သူပုန်(၃၀)ကျော်တို့ လွတ်မြောက်ရေးကိုပါ ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ မိတ်ဆွေကောင်း တယောက်ဖြစ်တယ်။ သူက ကျွန်တော်တို့ အားလုံးကို နယူးဒေလီမှာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)မှာ မြန်မာဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြု ခံရအောင် အားထုတ်ပေးခဲ့သူလည်း ဖြစ်တယ်။

ကျွန်တော်တို့ကို နယူးဒေလီမှာ နေထိုင်တဲ့ အောလ်အင်ဒီးယား ရေဒီယို မြန်မာပိုင်းဌာနက ဦးမောသီရိနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနုနဲ့ ခင်ပွန်း ဦးအောင်ငြိမ်းတို့ကလည်း စားဝတ်နေရေး လိုအပ်ချက်တချို့ ကူညီထောက်ပံ့ပါတယ်။ ချန်လှပ် မရတဲ့ ကျေးဇူးရှင်တွေကတော့ ဂျနတ်ပူရီ (Janakpuri) မြို့နယ် မြန်မာပြည်ပြန် အင်ဒီးယန်း လူမျိုးတွေပါ။ ကြွယ်ဝချမ်းသာသူတွေတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကို ထောင်ကထုတ်ဖို့ တတ်နိုင်သမျှ လမ်းစရိတ် ပေးလှုကြသူတွေ ဖြစ်တယ်။ မြန်မာစကား ကျွမ်းကျင်တဲ့ သူတို့ဟာ မြန်မာပြည်ကို အတော်လေး သံယောဇင်ကြီးကြတယ်။ နောက်ပိုင်း နေထိုင်ရပ်တည်ရေး အတွက်လည်း သူတို့ အကူအညီတွေ ရခဲ့တယ်။

ဒေလီမှာ စားဝတ်နေရေး သာမက၊ လုံခြုံရေး၊ မူလယုံကြည် ရည်မှန်းချက်အတွက် ကျွန်တော်တို့ ရေရှည်မှာ ဒီအတိုင်းရပ်တည်ဖို့ မလွယ်ကူပါ။ ကြုံရာဝင်ငွေရနိုင်တဲ့ အလုပ်တွေ လုပ်ကြရတယ်။ ကျွန်တော်တို့ရဲ့ ရှေ့နေကြီး အန်တီ နန်ဒီတာကလည်း ကျွန်တော်တို့ အားလုံး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည်အဖြစ် လျှောက်ကြဖို့ အကြံပြုပြီး ဒီအတွက် အားထုတ်ကြတယ်။

မြန်မာဒုက္ခသည်လမ်းစ

နယူးဒေလီမှာ ပထမဆုံး UNHCR ဒုက္ခသည်ဖြစ်သူက ချင်းအမျိုးသမီး မစန်းပွီးပါ။ ဒုတိယ ကိုနေမျိုးအောင် (ကိုဘိုကြီး) ဖြစ်တယ်။ ချက်ချင်းလက်ငင်း ဒုက္ခသည် ဖြစ်လာတာမဟုတ်။ အိန္ဒိယ အစိုးရမူအရဆို ဒေလီမှာ မြန်မာဒုက္ခသည်ကို လက်မခံဘူး။ UNCHRကိုလည်း အိန္ဒိယ အစိုးရက တရားဝင်ရုံးဖွင့်ခွင့် ပေးထားတာ မဟုတ်။ ဒုက္ခသည်အဖြစ် လက်ခံထားသူ အများစုကလည်း အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်နဲ့ ဆိုမာလီ နိုင်ငံက စစ်ပြေး ဒုက္ခသည်တွေသာ ဖြစ်တယ်။ အိန္ဒိယက သူ့အိမ်နီးချင်း နိုင်ငံသားတွေကို ဒုက္ခသည်အဖြစ် လက်ခံစောင့်ရှောက်တဲ့ မူမရှိဘူး။ သူ့အိမ်နီးချင်းတွေကလည်း စစ်ပွဲတွေ၊ နိုင်ငံရေး ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ပြဿနာတွေ မရိုးတန်း ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ခ်ျ၊ ပါကစ္စတန်၊ နီပေါလ်၊ ဘူလ်တန် နိုင်ငံတွေကဆိုတော့ လက်များ လက်ခံလိုက်ရင် ၀က်ဝက်ကွဲဘဲ..။ ဒါပေမယ့် ရှေ့နေအန်တီ နန်ဒီတာ၊ မစန်းပွီး၊ ကိုနေမျိုးအောင်တို့ရဲ့ အားထုတ်မှုနဲ့ နယူးဒေလီ UNHCRရုံး အကြီးအကဲတို့ရဲ့ ကိုယ်ချင်းစာ နားလည်မှုတို့ကြောင့် ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကျွန်တော်တို့ အားလုံး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံ လိုက်ရတယ်။ ကျွန်တော်တို့ အားလုံးကလည်း မဏိပူရ အကျဉ်းထောင်ကနေ အာမခံတွေနဲ့ ထွက်လာကြသူတွေမို့ပါ။ တကယ်လို့ UNHCRက ငြင်းပယ်လိုက်ရင် ကျွန်တော်တို့အားလုံး ထောင်ထဲ ပြန်ဝင်ဖို့ပဲ ရှိတော့တယ်။ ကျွန်တော်တို့ကို စတင်လက်ခံလိုက်ပြီ ဆိုတာနဲ့ ကျန်ဖိုင်း ဒုက္ခသည်စခန်းက တက်လာတဲ့သူတွေ အားလုံး ဆက်တိုက်လိုလို အသိအမှတ်ပြု ခံရတယ်။ ဒါဟာ နယူးဒေလီမှာ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ အတွက် ခိုလှုံခွင့်ရဖို့ လမ်းစပွင့်သွားတာ ဖြစ်သလို နယ်စပ်ဒုက္ခသည် စခန်းတွေ၊ နယ်စပ်ဒေသ အသီးသီးက ချင်း၊ ရခိုင် တိုင်းရင်းသားတွေ နယူးဒေလီကို အုပ်စုလိုက်၊ အဖွဲ့လိုက် တက်လာပြီး ဒုက္ခသည် လျှောက်နေထိုင်ကြတယ်။ ပြီးတော့ နယူးဒေလီနဲ့ အိန္ဒိယ အခြေစိုက် နိုင်ငံရေး လှုပ်ရှားမှုတွေ၊ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းတွေ ပေါ်လာဖို့ အဦးအစလည်း ဖြစ်လာတယ်။ မြန်မာ ကျောင်းသား တိုင်းရင်းသား လူငယ်တွေ နယူးဒေလီက တဆင့် အမေရိကား၊ ကနေဒါ နိုင်ငံတွေဆီ စကောလားရှစ် ပရိုဂရမ်တွေနဲ့ ပညာသင်ကြားဖို့ အစီအစဉ်တွေပါ လမ်းစပွင့်သွားခဲ့တယ်။

ဒုက္ခသည် အသိအမှတ်ပြုခံရတော့ တလကို ရူးပီးငွေ ၈၀၀ကျော် ထောက်ပံ့ကြေးရတယ်။ စုပြီး အိမ်ငှားနေကြတယ်။ စားစရာ၊ ခိုလှုံရာ၊ လုံခြုံရာ ရလာပြီဆိုတော့ နောက်ပိုင်းမှာ မိမိတို့ ရည်ရွယ်ချက် အမှန်နဲ့ ဂုဏ်သိက္ခာ အတွက် နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ကြတယ်။

မြန်မာဒုက္ခသည် နံပါတ် (၁)က ယခုသြစတေးလျားမှာ နေထိုင်နေတဲ့ မစန်းပွီးပါ။ ကျွန်တော့်ရဲ့ ဒုက္ခသည် နံပါတ်က (၈)ဖြစ်တယ်။ နောင် ၁၀နှစ်ကျော်လာတဲ့အခါ နယူးဒေလီမှာ မြန်မာဒုက္ခသည် အဖြစ် မှတ်ပုံတင်ထားသူချည်း  တသောင်းကျော်လောက် ဖြစ်သွားပါတယ်။

ကိုညို(အော်စလို)

 

Category: 

Share