အာမခံပလပ်ခံခဲ့ရသော ဗကသကျောင်းသူ မဖြူနှင်းထွေးအား စက်တင်ဘာလကုန်တွင် တတိယ အကြိမ် ရုံးထုတ် စစ်ဆေးမည်

၂၀၁၄ ခုနှစ် မေလအတွင်းက လက်ပံတောင်းတောင်ဒေသ ဆည်တည်းကျေးရွာအနီး ဖြစ်ပွားခဲ့သော ၀မ်ပေါင်ကုမ္ပဏီနှင့် ပတ်သတ်၍ ဖမ်းဆီးခံခဲ့ရသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ အဖွဲ့ဝင်ကျောင်းသူ မဖြူနှင်းထွေး၏ တတိယ အကြိမ် ရုံးထုတ်စစ်ဆေးမှုကို လာမည့် စက်တင်ဘာလ ၃၀ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ် အထက်ဗမာပြည် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က Tomorrow သတင်းဂျာနယ်သို့ ပြောသည်။

“ကျွန်တော်တို့ကတော့ မဖြူနှင်းထွေးကို ပြန်လည်လွှတ်မြောက်ပေးဖို့ အတွက် ဒုတိယအကြိမ် ရုံးချိန်းတုန်းကလိုပဲ မဖြူနှင်းထွေးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ အတွက် ကျွန်တော်တို့ ဗကသ ရဲဘော်များက တောင်းဆိုသွားမှာပါ”ဟု အထက်ဗမာပြည် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောကြားသည်။

အဆိုပါ ဖမ်းဆီးခြင်းခံထားရသည့် မဖြူနှင်းထွေးသည် အဝေးသင် တက္ကသိုလ် မြန်မာစာ ဒုတိယနှစ်ဖြင့် မန္တလေး တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦး ဖြစ်ပြီး ၀မ်ပေါင် ကုမ္ပဏီမှ တရုတ်ဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှုတွင် ဆည်တည်းကျေးရွာ ဒေသခံများနှင့်အတူ ပါဝင်ခဲ့သည်ဟုဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ယင်းဖြစ်စဉ်တွင် ဆည်တည်းကျေးရွာ ဒေသခံ ၅၀ဦးခန့်မှ တရုတ်ဝန်ထမ်း နှစ်ဦးအား ဖမ်းဆီးခဲ့မှုတွင် ဗကသ ကျောင်းသူ မဖြူနှင်းထွေးမှ ၄င်း၏ ဗကသ အဖွဲ့ဝင် ရဲဘော်များအား သွားရောက်ကြည့်ရှုခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယင်းကိစ္စ အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခေါ်ယူညှိနှိုင်းရာတွင် လယ်သမားများနှင့်အတူ မဖြူနှင်းထွေးအား လာရောက်ညှိနှိုင်းရန် ခေါ်ယူမှုတွင် ဒေသခံများက ယင်းခေါ်ယူ ညှိနှိုင်းမှုကို သွားရောက်ခဲ့သော်လည်း မဖြူနှင်းထွေးကမူ ၄င်းအနေဖြင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သတ်ခြင်း မရှိသည့်အတွက် ခေါ်ယူမှုကို သွားရောက်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့က မဖြူနှင်းထွေးအား ခေါ်ယူညှိနှိုင်းမှုကို လာရောက်ခြင်း မရှိခဲ့သည် အတွက် စက်တင်ဘာလ ၁၃ရက်နေ့တွင်  ၄င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ဆိုသည်။

“စပြီးတရားစွဲတုန်းက ဆည်တည်းရွာ ဒေသခံတွေနဲ့အတူ မဖြူနှင်းထွေးလည်း ပါတယ်ဆိုပြီး ခေါ်စစ်တဲ့ အခါကျတော့ ဒေသခံတွေက သွားပြီးထွက်ဆိုတယ်။ မဖြူနှင်းထွေးက မသွားခဲ့ဘူး။ ယခုကျတော့ ဒီအမှုမှာ ကျန်တဲ့ဒေသခံတွေမပါတော့ပဲနဲ့ တရုတ်ဝန်ထမ်း နှစ်ယောက်ကို ဖမ်းဆီတဲ့ အမှုနဲ့ ဖမ်းတယ်ဆိုတာ ဒါမဖြစ်သင့်ဘူး”ဟု  ကိုမင်းသွေးသစ်က ပြောကြားသည်။

မဖြူနှင်းထွေးအား ၄င်းအမှုနှင့် ပတ်သက်၍ ကျေးရွာဒေသခံများနှင့်အတူ ပါဝင်ခဲ့သည့်ဟုဆိုကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန်က တရာလိုပြု တိုင်တန်းခဲ့သဖြင့် ယင်းမာပင် ခရိုင် တရားရုံးမှ ရာကြီးမှု အမှတ် ၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၄၊ ၃၆၈ဖြင့် စက်တင်ဘာလ ၁၅ရက်တွင် အမှုအား လက်ခံခဲ့ပြီး ပထမအကြိမ် ရုံးထုတ် စစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးမှုတွင် မဖြူနှင်းထွေးအား အာမခံပေးရန်  တင်ခဲ့သော်လည်း တရားရုံးမှ ၄င်းအမှုသည် အာမခံပေး၍ မရသည့်  အမှုဖြစ်သည့် အတွက် အာမခံအား ပလပ်ခဲ့ကြောင်းလည်း သိရသည်။

 

Category: 

Share