သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်း အနီး၌ ကားဖြင့်တိုက်၊ တုတ်ဖြင့်ရိုက်နှက်မှု ဖြစ်ပွားခဲ့ (ပုဒ်မ ၄၄၀သည် အာမခံပေး၍ မရသည့် ပုဒ်မဖြစ်ပြီး ယင်းပုဒ်မဖြင့် အမှုဖွင့်ခံထားရသူအား အာမခံပေးထားဟုဆို)

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ နယ်မြေရဲစခန်း အနီးတွင် မိသားစု တစ်စုအား မူးယစ်ရမ်းကားသူမှ ကားဖြင့်တိုက်သည့် အပြင် မသေမချင်း တုတ်ဖြင့်ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး အမှုဖွင့် ခံထားရသူအား အာမခံမပေးရသည့် ပုဒ်မအား အာမခံဖြင့် လွှတ်ပေးထားကြောင်း သုဝဏ္ဏနယ်မြေ ရဲစခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ကြည်သာ ဆောက်လုပ်ရေးမှ တရားလိုဖြစ်သူ ဒေါ်လှလှဝင်း၏ ခင်ပွန်းဖြစ်သူနှင့် အကို ဖြစ်သူအား တရားခံဟုဆိုသော လှထွန်း (ခေါ်) အဗ္ဗဒူလာမှ  သုဝဏ္ဍနယ်မြေ ရဲစခန်း အနီးတွင် ရိုက်နှက်ခဲ့ခြင်း ဖြစ်ကာ ယင်းဖြစ်စဉ်ကြောင့် အရိုက်ခံရသူများမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

“ကျွန်မတို့ ဆောက်လုပ်ရေးက ဆောက်လုပ်မယ့် အဆောက်အဦးရှေ့မှာ ပုံထားတဲ့ အုတ်ပုံကို   လှထွန်း (ခေါ်) အဗ္ဗဒူလာက မူးပြီး ဖျက်ဆီးခဲ့ပါတယ်၊ အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ သုဝဏ္ဍနယ်မြေ ရဲစခန်းမှာ ကျွန်တတို့ သုံးယောက် အမှုသွားဖွင့်ခဲ့ပါတယ်၊ အမှုဖွင့်ပြီး ကားနဲ့ပြန်တဲ့ အချိန်မှာ လှထွန်း (ခေါ်) အဗ္ဗဒူလာက ကျွန်မတို့ကားကို သူ့ကားနဲ့ ၀င်တိုက်တယ်၊ အဲ့ဒီ ကားတိုက်တဲ့ အရှိန်နဲ့  ကျွန်မ ယောင်္ကျားက ခါးနဲ့ ခေါင်းထိခိုက်ခဲ့ရတယ်၊ အဲ့ဒါကို ကားနဲ့ တိုက်တာတောင် မသေတဲ့ကောင် ဆိုပြီး သူ့ကားပေါ်က တုတ်နဲ့ ကျွန်မတို့ ကားမှန်ကို ခွဲပြီးလူကို ထပ်ရိုက်တယ်”ဟု တရားလို ဖြစ်သူ ဒေါ်လှလှဝင်းက Tomorrowသို့ ပြောပြခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ သြဂုတ်လ ၃၁ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ အခင်းဖြစ်ပွားပြီး (၉)ရက် ကြာမြင့်ပြီးမှသာ အမှုဖွင့် ခံထားရသူ လှထွန်း (ခေါ်) အဗ္ဗဒူလာ ကိုယ်တိုင် သုဝဏ္ဏ နယ်မြေရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်းလည်း သိရသည်။

“အခင်းဖြစ်ပြီးပြီးချင်း အဲ့ဒီလူကို ရှာတယ်။ အိမ်လိပ်စာတွေ၊ နေတတ်တဲ့ နေရာ၊ သွားလာတတ်တဲ့ နေရာမှာ မရှိဘူး တရားခံက ရှောင်နေတယ်။ နောက်ပြီး တစ်ဖက်ကလည်း သူ့ကို နှိမ်နင်းနိုင်တဲ့သူ၊ ပေါက်မြောက်အောင် ပြောနိုင်တဲ့သူကို စည်းရုံးပြီး စခန်းကို လာပို့ခိုင်းတာပါ”ဟု လာရောက် အဖမ်းခံသည့် အပေါ် သုဝဏ္ဏနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်လွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လှထွန်း (ခေါ်) အဗ္ဗဒူလာအား (ပ) ၂၇၀/၁၄ ပုဒ်မ ၄၄၀၊ ၃၂၅၊ ၂၉၄၊ ၄၂၇တို့ဖြင့် ဒေါ်လှလှဝင်းမှ တရားလို ပြုလုပ်ကာ သုဝဏ္ဏ နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းနှင့် ယင်းသို့ အမှုဖွင့်ထားသော ဒေါ်လှလှဝင်းအား၊ အမှုဖွင့် ခံရသူ လှထွန်း (ခေါ်) အဗ္ဗဒူလာမှ (ပ)၂၈၂/၁၄ ပုဒ်မ ၃၂၅၊ ၂၉၄၊ ၁၁၄တို့ဖြင့် ပြန်လည် အမှုဖွင့် တိုင်ကြားထားကြောင်းလည်း သိရသည်။

“လက်ရှိတရားခံကို အာမခံ ပေးထားတယ်။ စက်တင်ဘာ ၁၈ရက်နေ့က ပေးထားတယ်။ အမှုက အပြန်အလှန် တရားစွဲဆိုထားတယ်။ ရဲစစ်ဆေးချက်တွေ မပြည့်စုံသေးတဲ့ အတွက် အမှုကို စွဲမတင် ရသေးတာပါ”ဟု သုဝဏ္ဏနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်လွင်က ပြောသည်။

ပုဒ်မ ၄၄၀သည် သေစေမှု အတွက် သို့မဟုတ် နာကျင်စေမှု အတွက် ပြင်ဆင်စေပြီးနောက် ကျူးလွန်တဲ့ အကျိုး ဖျက်ဆီးစေသည့် အဓိပ္ပါယ် သက်ရောက်ကြောင်း ၄င်းပုဒ်မဖြင့် အမှုဖွင့် ခံထားရသူအား ဖမ်းဝရမ်း မပါဘဲ ဖမ်းဆီးနိုင်သည့်အပြင် အာမခံပေး၍ မရကြောင်း ပြစ်ဒဏ် ၅နှစ် အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ရှေ့နေတစ်ဦးမှလည်း သုံးသပ်ပြောကြားသည်။

“တရားစွဲဆိုနိုင်တဲ့ အထောက်အထား ခိုင်လုံမှုမရှိတဲ့အတွက်ရယ် နှစ်ဖက်စလုံး ဆေးစာ မရသေးဘူး။ ချုပ်ရက်ကလည်း တစ်ပတ်ပဲရတဲ့ အတွက်ကြောင့် အာမခံပေးလိုက်တာပါ။ နှစ်ဦးနှစ်ဖက် အပြန်အလှန် တရားစွဲဆိုထားတဲ့ အတွက်ကြောင့် ရဲလုပ်ငန်း အပြည့်အစုံကိုတော့ ပြောလို့ မရသေးပါဘူး။ တစ်ဖက်စောင်းနင်း ဖြစ်သွားမှာစိုးလို့”ဟု အဆိုပါ အမှုအား  စစ်ဆေးနေသော အမှုစစ် ဒုရဲအုပ် ဦးဝင်းနိုင်မှ ပြောသည်။

 

Category: 

Share