အသတ်ခံထားရသော KNLA ရဲဘော်၏ အလောင်းကိုတွေ့ရှိ (တရားဥပဒေအတိုင်းသာ မှန်မှန်ကန်ကန် ဖော်ထုတ် အရေးယူစေချင်ဟု KNLAမှ ဗိုလ်မှူး စောလမင်းဆို)

စက်တင်ဘာလ လလယ်ကတည်းကပင် ပျောက်ဆုံးနေခဲ့သော ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA - တပ်မဟာ-၆)မှ ရဲဘော်စောတာနို၏ အလောင်းအား စက်တင်ဘာလ ၂၂ရက်နေ့တွင် မြ၀တီမြို့ သောင်းရင်းမြစ်နဘေးရှိ သံတတားဂိတ် အနီးတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း၊ ယင်းရဲဘော်ကို သတ်ခဲ့သည့် တရားခံကို အမြန်ဆုံး ဖော်ထုတ်ကာ တည်ဆဲဥပဒေမျာအတိုင်း ထိရောက်စွာ ပြစ်ဒဏ်ပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ် BGF-KAREN STATE)၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပြီး ထိုတပ်၏ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ တာဝန်ခံ အရာရှိ ဗိုလ်မှူး နိုင်မောင်ဇော်၏ ပြောပြချက်များ အရ သိရှိရပါသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA - တပ်မဟာ-၆)မှ အသတ်ခံရသော ရဲဘော် စောတာနိုသည် ပြီးခဲ့သော စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ အလည်သွားခဲ့ကြောင်းနှင့် ထို့နေ့ည ၇နာရီ အချိန်ခန့်တွင် မြ၀တီမြို့နှင့် မေတ္တလင်းမြိုင် ကျေးရွာ အကြားတွင် အခြားအရပ်သား နှစ်ဦးနှင့်အတူ ရဲဘော်အား  နယ်ခြားစောင့်တပ် (ကရင်ပြည်နယ် BGF-KAREN STATE)၊ အမှတ် ၁၀၂၂  တပ်ရင်းမှ စစ်သည်များက ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် အရပ်သား နှစ်ယောက်အား ထိုညတွင်းချင်း ပြန်လွှတ်ပေးခဲ့သော် လည်း ရဲဘော် စောတာနိုအား ပြန်လွှတ်ပေးခြင်း မရှိပဲ ယခုအခါ အလောင်းကိုသာ ပြန်လည်တွေ့ ခဲ့ရကြောင်းနှင့် သေဆုံးခဲ့သော ရဲဘော်စောတာနိုသည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)  တပ်မဟာ(၆)၊ ဌာနချုပ်အထူး စစ်ကြောင်းမှူးတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ၄င်းသေဆုံးချိန်တွင်  အသက် (၂၃)နှစ်သာ ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

ဗိုလ်မှူး စောလမင်းက “ကျွန်တော်တို့ ရဲဘော်တစ်ယောက် စပျောက်တဲ့ နေ့ကတည်းကိုက သက်ဆိုင်ရာ BGF တပ်က တာဝန်ရှိသူတွေနဲ့ တွေးဆုံတာတွေ မေးမြန်းစုံစမ်းတာတွေ လုပ်ခဲ့ပါတယ်။ အခုတော့ အသတ်ခံထားရတဲ့ အလောင်းကိုပဲ ပြန်တွေ့ရတော့ ကျွန်တော့်တပည့် အတွက် ကျွန်တော် တော်တော်လေးကို စိတ်မကောင်းပါဘူး။ တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်”ဟု ထုတ်ဖော်ပြောဆိုလာပါသည်။

သေဆုံးသူ ရဲဘော်စောတာနိုမှာ လည်ပင်း ယာဘက်အခြမ်း ပြတ်ရှဒဏ်ရာများ၊ သေနတ် ၂ချက် ထိထားသော ဒဏ်ရာများနှင့် လက်ထိပ်ခတ်လျှက်ဖြင့်ပင် သေးဆုံးနေခြင်း ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ)မှ အရာရှိ တစ်ဦး၏ ပြောပြချက်များအရ သိရပါသည်။

ဖြစ်စဉ်ဖြစ်ရပ်များနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ် BGF-KAREN STATE)မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ  ထိုတပ်၏ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့တာဝန်ခံ အရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်က “အောက်ခြေပိုင်း ကွက်ကဲမှု အားနည်းတာလည်းပါ ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ဘက်က အရေးပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့ပြီး အမြန်ဆုံးလည်း ဆောင်ရွက်နေပါပြီ။ ကိုယ်ချင်းလည်း စာပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင် တစ်ယောက်သာ အလားတူဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ လက်ခံမှာ မဟုတ်သလို လက်ရှိ KNU ဘက်က အကြီးအကဲတွေ တာဝန်ရှိသူတွေ သဘောထားကြီးတာကိုလည်း ကျွန်တော်တို့ လေးစားသမှု တန်ဖိုးထားပါတယ်။ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူ အပြစ်ပေးနိုင်အောင်လည်း အလေးထား လုပ်ဆောင်နေပါတယ်”ဟု တုန့်ပြန် ပြောဆိုလာပါသည်။

ယင်းနှင့်ပတ်သတ်၍ ကရင်အမျိုးသား အစည်းအရုံး(KNU)၏ တွဲဖက် အတွင်းရေးမှူး(၁) ဖြစ်သူ ဖဒိုစောသောသီကလည်း “ဖြစ်စဉ်ကို သေချာသိမှပဲ ကျွန်တော်တို့ သဘောထားကို ပြောပြ ပါတော့မယ်။ နောက်တစ်ခုက အဲဒီဒေသ (မြ၀တီမြို့နယ်-ခရိုင်အတွင်းကို ဆိုလိုသည်)ကလည်း လက်နက်ကိုင် အဖွဲ့တွေက တော်တော်စုံတာဆိုတော့ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်ဆိုတာ ဖြစ်စဉ်ကို သေချာသိမှပဲ ပြောနိုင်မယ်နော်။ BGF ဘက်က  စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့တာကတော့ သင့်လျှော်ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ။  ကြိုဆိုပါတယ်”ဟု ပြောကြားခဲ့သည်။

 

Category: 

Share