မြတ်စွာဘုရားပုံတော်အား ခြေကျင်းဝတ်တွင် ဆေးမှင်ကြောင် ထိုးထားသည့် စပိန်နိုင်ငံသား တစ်ဦးအား ရွှေတိဂုံစေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့မှ ထိန်းသိမ်း

ဗုဒ္ဓဘာဝင်များ၏ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားပုံတော်အား ခြေကျင်းဝတ်တွင် ဆေးမှင်ကြောင် ထိုးထားသည့် စပိန်နိုင်ငံသားအား ရွှေတိဂုံစေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့ (Foreign Police)မှ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ စပိန်နိုင်ငံသား အနေဖြင့် ရွှေတိဂုံစေတီတော်အား ဖူးမျှော်ရန် အတွက် မြန်မာများနည်းအတူ ပုဆိုးနှင့် တီရှပ်အင်္ကျီအား တွဲဖက်ဝတ်ဆင်ထားပြီး၊ ရင်ပြင်တော်ပေါ်သို့ တက်ရန် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ နိုင်ငံခြားသားများအား စီစစ်ရာ နေရာ အရောက်တွင် ၄င်းထိုးထားသော ဘုရားပုံ ဆေးမှင်ကြောင်အား ရွှေတိဂုံ စေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့မှ တွေ့ရှိပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ လ၀က ရုံးသို့ ပို့ဆောင်လိုက်ကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍လည်း မျက်မြင်တွေ့ရှိသူ တစ်ယောက်က “နိုင်ငံခြားသားတွေ အနေနဲ့ ဘုရားပုံတော်ကို ခါးအောက်ပိုင်း နေရာတွေမှာ ဆေးမှင်ကြောင်ထိုးထားတွေက ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ အနေနဲ့က ကြည့်မယ်ဆိုရင် ဒါဟာရိုင်းပျတဲ့ အနေအထားမျိုးပေါ့ဗျာ။ သူတို့ အနေနဲ့ကတော့ ဒီလိုဘုရားပုံကို ဘာကြောင့် ခြေသလုံးမှာ ထိုးတယ်ဆိုတာတော့ မသိဘူးပေါ့ဗျာ။ ဒါပေမယ့် မြန်မာနိုင်ငံကို လာမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ကိုးကွယ်တဲ့ ဘာသာကိုတော့ လေးစားရမှာပေါ့ဗျာ”ဟု သုံးသပ်ချက် ပေးသည်။

အဆိုပါ စပိန်နိုင်ငံသားမှာ Juan Caslas Centelles ပတ်စပို့အမှတ် AAI 241084 ကိုင်ဆောင်သူဖြစ်ကာ မြန်မာနိုင်ငံသို့ စက်တင်ဘာလ၊ ၂၇ရက်နေ့က ရောက်ရှိခဲ့ပြီး၊ အက်ဂါဟော်တယ်၌ တည်းခိုကာ ၂၉ရက်နေ့တွင် ပုဂံသို့သွားရောက်မည်ဟု သိရသည်။ ယင်းနိုင်ငံခြားသားမှာ အသက်အရွယ်အားဖြင့် လူလတ်ပိုင်း အရွယ်ဖြစ်သည့် ၂၈နှစ်သာ ရှိနေသေးကြောင်းလည်း သိရသည်။

အလားတူ ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ မြတ်စွာဘုရားပုံတော်အား ခါးအောက်ပိုင်းတွင် ဆေးမှင်ကြောင်ထိုးပြီး၊ ကနေဒါ နိုင်ငံသား ခရီးသွားတစ်ဦးကလည်း မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်း ကလည်း ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လှည့်လည်နေစဉ် ဒေသခံ တိုင်းရင်းသား ပြည်သူများက တွေ့ရှိခဲ့သည့် အတွက် ၀ိုင်းဝန်းကန့်ကွက်ကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည့် အတွက် ဖမ်းဆီးစစ်ဆေးမှုမျာ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ဖူးပေသည်။

 

Category: 

Share