အလုပ်သမားအရေး ဖြေရှင်းဖို့ မရမ်းကုန်းအထည်စက်ရုံ အမှတ် (၁) အလုပ်သမားအဖွဲ့ဖွဲ့စည်းခွင့်တောင်းပြီ

မရမ်းကုန်းအထည်စက်ရုံအမှတ်(၁)မှ ၀န်ထမ်းများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများအား ဖြေရှင်းနိုင်ရန်အတွက် အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် လျှောက်ထားလိုက် ကြောင်း အဆိုပါ အလုပ်သမားများမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ကျွန်မတို့ စက်ရုံက ၀န်ထမ်းတွေကို ပုဂ္ဂလိကကို လွှဲပြောင်းဖို့လုပ်နေကြ တယ်။ အခုစက်ရုံမှာက ကုမ္ပဏီနဲ့ စက်ရုံလူကြီးတွေက တစ်ဖက် ၀န်ထမ်းတွေကတစ်ဖက် လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ပြဿနာတက်နေကြတယ်။ ၀န်ထမ်းတွေက သူတို့ရပိုင်ခွင့်ကို လိုချင်ကြတယ်။ တစ်ဖက်ကလည်း မပေးဘူး။ ဒါကြောင့် ဒီပြသနာတွေကို ကူညီဖြေရှင်းဖို့အတွက် ကြားခံတရားဝင် အဖွဲ့အစည်း လိုအပ်လာတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်(ယာယီ)ကို အကူအညီတောင်းပြီး အလုပ်သမား အဖွဲ့အစည်း တရားဝင်ဖွဲ့ဖို့ အလုပ်သမားဝန်ကြီးဌာနမှာ စာတင်ထားပါတယ်” ဟု  အဆိုပါအလုပ်သမားအဖွဲ့မှ တာဝန်ရှိသူ ဒေါ်ဝင်းဝင်းခိုင်က ဖေဖော်ဝါရီ ၁၅ ရက် တွင်   Tomorrow ဂျာနယ်သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ယာယီ)မှ ကိုကျော်ဇောလွင်က “ကျွန်တော်တို့ကို မရမ်းကုန်း အထည်စက်ရုံအမှတ်(၁)က ၀န်ထမ်းတွေက အလုပ်သမား အဖွဲ့ဖွဲ့စည်းဖို့ အကူအညီတောင်းလာတဲ့ အတွက် ကူညီတာပါ၊ ဒီလိုဖွဲ့စည်းမှသာ ၀န်ထမ်းတွေ ကိုယ့်လိုအပ်ချက်ကို စုပေါင်းအားနဲ့ တောင်းလို့ရမှာပါ” ဟုပြောသည်။

ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ကိုရဲနိုင်ဝင်းက “အစိုးရ စက်ရုံ အလုပ်ရုံတွေဘက်က အလုပ်သမား အဖွဲ့ဖွဲ့စည်းတာ နည်းပါတယ်၊ ပုဂ္ဂလိက စက်ရုံတွေ အလုပ်ရုံတွေ လယ် သမားတွေဘက်ကသမဂ္ဂဖွဲ့တာကများ တယ်၊ အစိုးရ၀န်ထမ်းတွေမှာက ဖြတ်သန်းလာတဲ့ အုပ်ချုပ်ရေး အတွေ့အကြုံကရှိတယ်။ ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်းလာမယ်ဆိုရင် အစိုးရ၀န်ထမ်း လောကအတွက်ကောင်းတဲ့ အခွင့်အရေးပါ။ မျိုးဆက်ပျက်နေတဲ့ အစိုးရ၀န်ထမ်း လောကမှာ အလုပ်သမားအဖွဲ့ဖွဲ့စည်းပုံဖော်ရေးကို ကြိုဆိုပါတယ်”ဟုပြော သည်။            

 

Category: 

Share