အာရုံကြော အားနည်းရောဂါ ပြင်းထန်နေသော ကလေးတစ်ဦး၏ သွေးနှင့်အသားစ အင်္ဂလန် ဆေးသုတေသန အဖွဲ့မှ ယူဆောင် စစ်ဆေးမည်

(၁၀) တန်း စာမေးပွဲ ဖြေဆိုရန် အတွက် စာအပြင်းအထန် ကျက်ရာမှ ဦးနှောက်နှင့် အာရုံကြော အားနည်းရောဂါ ခံစားလာရသည့် (၁၀)တန်း ကျောင်းသူ လှကေသွယ်ခိုင်၏ သွေး နှင့်အသားစ နမူနာများအား အင်္ဂလန် ဆေးသုတေသနအဖွဲ့ တစ်ခုမှ ယူဆောင် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် (ပွင့်လင်း လူ့အဖွဲ့အစည်းမှ) ကိုမာကီက ပြောကြားခဲ့သည်။

“အင်္ဂလန် ဆေးသုသေသန အဖွဲ့က မကောင်းရင် ခေါ်ပြီး ကုသပေးမယ်လို့တော့ ကတိပေး မထားပါ ဘူး။ ဒါပေမဲ့ အဖြေတော့ ရအောင် ရှာပေးမယ်လို့တော့ ပြောထားပါတယ်”ဟု ကိုမာကီက ရှင်းပြသည်။
အဆိုပါ (၁၀)တန်း ကျောင်းသူ လှကေသွယ်ခိုင်မှာ ဦးနှောက်နှင့် အာရုံကြော ဆေးရုံကြီးတွင် ယနေ့ အချိန်ထိ ဆေးရုံတက်ရောက် ကုသမှုခံယူ နေရကြောင်းနှင့် ဆေးရုံကြီးမှ ဆေးကုသမှု စရိတ်များ အပြင် အခြား စရိတ်များကိုပါ အကုန်အကျခံ ကုသပေး လျက်ရှိကြောင်း သိရသည်။

“သမီးလေးက ၁၀တန်းဖြေ ရမယ်ဆိုရင် ဦးနှောက်အာရုံကြော ဝေဒနာ ဖြစ်လာရော၊ ဝေဒနာက ပျောက်သွားလိုက် ပြန်ကောင်းလိုက်နဲ့၊ အခု ပြန်ဖြစ်လာတော့ အဖေ တစ်ယောက် အနေနဲ့ ကိုယ့်သမီးထက် ဘာမှ အရေးမကြီးတော့ ပြန်ပြီး ကုသရတာပေါ့”ဟု မလှကေခိုင်၏ ဖခင် ဦးကျော်မြင့်က ပြောသည်။

မလှကေခိုင်မှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်မှ စ၍ အဆိုပါ ဝေဒနာအား ခံစားခဲ့ရခြင်း ဖြစ်ကာ ဆိပ်ကမ်းသာလမ်းရှိ ကျူရှင်မှ အပြန် နောက်ပိုင်းတွင် မျက်စိမှုန်၊ နားထိုင်း လာခြင်း၊ စကားပြောရန် ခက်ခဲ လာခြင်းများ ဖြစ်ပေါ်လာခဲ့ သောကြောင့် ဗမာဆရာတစ်ဦးထံ ပြသရာ ရက် ၂၀ ခန့် အတွင်းမှာပင် ဝေဒနာ သက်သာလာခဲ့သည့် အတွက် အဆိုပါ ဆရာထံ ၆ လ ခန့် ဆေးဆက်လက် ကုသခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် ဆေးရပ်ပြီး ၆ လ နောက်ပိုင်းတွင် ပကတိ အတိုင်း ကောင်းမွန်လာပြီး နောက်ပိုင်းတွင် ချိုင်းများ ယားယံလာခြင်း၊ မျက်စိဝါးလာခြင်း၊ အကြား အာရုံ ချွတ်ယွင်းမှုများ ဖြစ်ပေါ်လာသည့် အတွက် အဆိုပါ ဗမာ ဆေးဆရာနှင့်ပင် ၁၅ ရက်ခန့် ကုသရာ လူနာမှာ မေ့မြောကာ အစာအန်မှုများ လာသည့် အတွက် အရှေ့ပိုင်း ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူခဲ့ကြောင်း နှင့် အဆိုပါ ဆေးရုံကြီးတွင် ၁၂ ရက်ခန့်ကြာ ကုသမှု ခံယူပြီးနောက် ရန်ကုန် ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသရေး ဌာနသို့ လွှဲ ပြောင်း ကုသခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။     

 

Category: 

Share