ဈေးကွက်ရေးရာ အဖြေရှာ

မန္တလေး အက်ဖ်အမ်တွင် မြန်မာနိုင်ငံ ဈေးကွက်ပညာရှင်များ အသင်းက အပတ်စဉ် ဖြေကြားနေသော ဈေးကွက်ရေးရာ အဖြေရှာ ကဏ္ဍမှ မေးခွန်းနှင့် အဖြေများကို ဈေးကွက်ဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသူများ လေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ (အယ်ဒီတာအဖွဲ့)

 

၁။  အခု စူပါ မားကတ်ကြီးတွေ၊ ဈေးဆိုင်ကြီးတွေ၊ စတိုးဆိုင်ငယ်များမှာ တွေ့နေရတဲ့ တချို့တချို့ သော အသုံးအဆောင်တွေ၊ စားသောက်ကုန်တွေက ဒီအတိုင်း နယ်စပ်ကနေ သွင်းလာတာကို တွေ့ရပါတယ်။ အရင်းအနှီး နည်းနည်းဘဲ ရှိတဲ့ လူငယ်တွေ အတွက် ဒီဈေးကွက်ကြီးက အလားအလာ ရှိတယ် လို့ ပြောနိုင်ပါသလား။ ဘာလို့လဲ ဆိုတော့ လွယ်လွယ်ကူကူနဲ့ သွားဝယ်၊ ပြီးရင် ဒီမှာ ဈေးသက်သက်သာသာ နဲ့ ပြန်ဖြန့်လို့ ရနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။ ဒီအပေါ်မှာ ဆရာ့၏ အကြံပေးချက်ကို သိပါရစေ။ (အမည်မဖော်လိုသူတစ်ဦး)

ဒီနေရာမှာ အရင်းအနှီးနည်းနည်းပဲရှိတဲ့ အတွက် တချို့အသုံးအဆောင်တွေကို နယ်စပ်က သွင်းပြီးရောင်းဖို့ မေးထားတယ်။ ဆရာပြန်မေးချင်တာက တရားဝင်သွင်းမှာလား၊ တရားမ၀င်သွင်းချင် နေတာလား။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အခွန်အခတွေ ပေးပြီးသွင်းရင်တော့ ယှဉ်ပြိုင်ရာမှာ အသာစီးရဖို့ မလွယ်ဘူး။ ဈေးကွက်သဘောအရ များများဝယ်တဲ့ သူက ဈေးသက်သက်သာသာနဲ့ ၀ယ်နိုင်နေတာကိုး။ ဆရာ့အမြင် ပြောရရင်သူများနဲ့ မတူတဲ့အမြင်ရှိဖို့ အရေးကြီးတယ်။ဂျပန်က နာရီတာေ လဆိပ်မှာ one village one product ဆိုတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ ကမ္ဘာ့နိုင်ငံပေါင်းများစွာက ထုတ်ကုန် ပစ္စည်းတစ်ခုစီကို တင်ထားတာ။ အဲဒီမှာ ဘယ်ပစ္စည်းက အရောင်းရဆုံးထင်လဲ။ မြန်မာနိုင်ငံက သစ်သားနဲ့ လုပ်ထားတဲ့ ကျောကုန်းကုတ်တဲ့ အတံက အရောင်းရဆုံး။ တန်ဖိုးက ယန်း၅၀၀ (မြန်မာငွေနဲ့၅၀၀၀)ပေါ့။ ဒီပစ္စည်းကို ဂျပန်ကိုတင်ပို့ဖို့ စိတ်ကူးရတဲ့သူ ဒါမှမဟုတ် မြန်မာပြည်ကိုလာပြီး ဂျပန်မှာ ဒါရောင်းဖို့ ရွေးချယ်သွားတဲ့ သူရဲ့ စိတ်ကူးစိတ်သန်းဟာ ဘယ်လောက်ကောင်းသလဲဆိုတာ တွေ့နိုင်တယ်။ ဒါကြောင့် အရင်းအနှီနဲ သူတွေ အနေနဲ့ သူများလုပ်တာကို လိုက်လုပ်မှာထက် သူများနဲ့ မတူအောင် ကိုယ်ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားတာက ပိုပြီးအောင်မြင်လိမ့်မယ်လို့ ဆရာ ယူဆပါတယ်။

၂။ ဒီခေတ် ဒီအခါမှာ မီဒီယာရဲ့ လွှမ်းမိုးမှုက အရေးကြီးလာပါတယ်။ ဒီလို အချိန်မှာ မီဒီသမားများကို Companyတွေ အနေနှင့် ဘယ်လို ဆက်ဆံသင့်ပါသလဲ။ အခြေခံ ကျသော နည်းဥပဒေသများ ရှိရင် ပြောပြပေးစေချင်ပါတယ်။ (PR Officer)

မီဒီယာနဲ့ ကုမ္ပဏီတွေ ဆက်ဆံရာမှာ တကယ့် ဒီမိုကရေစီ စစ်စစ်နိုင်ငံတွေမှာတော့ ကျင့်ဝတ်ကို အခြေခံပြီး ဆက်ဆံကြတယ်။ ကုမ္မဏီဘက်ကလည်း မီဒီယာဘက်ကို ကျင့်ဝတ်နဲ့အညီ ဆက်ဆံသလို မီဒီယာကလည်း ကုမ္ပဏီဘက်ကို ကျင့်ဝတ်အတိုင်း ဆက်ဆံတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ ဥပဒေတွေကို တိတိကျကျ သတ်မှတ်ထားတယ်။ ဥပမာ မိမိကုန်ပစ္စည်း ကောင်းကြောင်းရေးဖို့ လာဘ်မပေးရတို့လိုမျိုး။ တစ်ချို့ နိုင်ငံတွေကျတော့ ဥပဒေကိုလိုသလို ဆွဲဆန့်လို့ရအောင် ကျယ်ကျယ်ပြန့်ပြန့်ရေးပြီး တခုခု ပြဿနာဖြစ်ရင် အဲဒီသားရေကွင်းလို ဆွဲထားတဲ့ ဥပဒေနဲ့ အရေးယူတတ်ကြတယ်။ အဓိကကတော့ ကုမ္ပဏီတွေမှာ PRလို့ခေါ်တဲ့ လူထုဆက်ဆံရေး ဌာနတွေဖွဲ့စည်းပြီး ဒီလူတွေက မီဒီယာတွေနဲ့ ထိတွေ့မှု မပြတ်ဆက်ဆံနေဖို့ လိုတယ်။ မိမိသတင်းအမှား ထွက်လာခဲ့ရင်လဲ ချက်ခြင်း ပြန်ပြင်ပေးနိုင်ရမယ်။ ပြောရရင် မိမိကုမ္ပဏီ မိမိထုတ်ကုန်နဲ့ ပတ်သက်ပြီး ပြည်သူတွေဆီကို ရောက်တာဟာ အပေါင်း သဘောဆောင်တဲ့ သတင်းတွေဖြစ်အောင် လုပ်ရမှာပေါ့။ တချို့ကုမ္ပဏီတွေက မီဒီယာနဲ့ တိုက်ရိုက် မဆက်ဆံပဲ PR Agency တွေငှားပြီး ဆက်ဆံကြတယ်။

၃။ Facebook ရဲ့ တိရိစ္ဆာန် ချစ်တတ်သူများ စာမျက်နှာမှာ တွေ့လိုက်ရတာလေး တစ်ခုကို မေးချင်လို့ပါ။ အဲဒီမှာ အစ်မတစ်ယောက်က  သူမြင်ခဲ့တဲ့ FMI ရှေ့က လမ်းဘေးမှာ ခွေးရောင်းတဲ့ သူက ခွေးပေါက် သေး သေး လေးတွေကို ဒီလောက် အေးအေး မနက် ခင်းမှာ ရောင်းကုန် တွေကို ပြင်သလိုမျိုး ရေလောင်း ချပြီး ပြင်တယ် ဆိုပြီး ပြောပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် ခွေးလေးတွေကို ကာကွယ်ဖို့ လိုအပ်သလို ဒီထက်ပို အရေးကြီးတဲ့ လူသားများဖြစ်တဲ့ စားသုံးသူတွေကို ကာကွယ်ဖို့ ထိရောက်တဲ့ အဖွဲ့အစည်းတွေ လိုနေတယ် ဆိုတာကို တွေ့ရပါတယ်။ အဲဒီ လိုအပ်မှုကို သိမြင်အောင် ဘယ်လို လုပ်သင့်တယ် ဆိုတာကို Marketing ရှုထောင့်ကနေ ပြောပြ ပေးစေချင်ပါတယ်။ (Marketing ပညာရပ်ကို စိတ်ပါဝင်စားသူ)

အဲဒီလို လုပ်တာဟာ ပစ္စည်းဝယ်ယူသူကို လိမ်ညာတာပါပဲ။ ဒီလို ရောင်းနေတာ နှစ်၂၀လောက် ရှိပါပြီ။ ပြည်တွင်းပေါက် ခွေးလေးတွေကို ဆပ်ပြာရေနဲ့ ဆွတ်ပြီး ဘရပ်ရှပ်နဲ့ အမွေးတွေကိုဆွတ်၊ ပြီးမှ တယ်ရီယာဆိုပြီး ညာရောင်းတာ။ မြန်မာနိုင်ငံမှာ စားသုံးသူတွေဟာ ရောင်းချသူတွေရဲ့ လိမ်ညာမှုတွေကို ခံနေရတာ နှစ်ပေါင်း အတော်ကြာပါပြီ။ အခုမှ စီးပွားကူးသန်း ၀န်ကြီးဌာနမှာ စားသုံးသူ အကာအကွယ် ပေးရေး ဦးစီးဌာနဖွဲ့ လာသလို ဆရာဦးဗအုပ်ခိုင်တို့လို စားသုံးသူ အကာကွယ်ပေးရေး ပြင်ပပုဂ္ဂလိက အဖွဲ့အစည်းတွေလည်း ရှိနေပါပြီ။ ဒီအဖွဲ့တွေ အနေနဲ့ လိမ်ညာရောင်းချမှုတွေကို စားသုံးသူတွေ ဖက်က ကူညီ ကာကွယ်ပေး ပါလိမ့်မယ်။ အထူးသဖြင့် စားသောက်ကုန် ပစ္စည်းတွေကို လိမ်ညာရောင်းချမှုတွေရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံမှာ ကင်ဆာအပါအ၀င် ရောဂါဆိုးတွေ အဖြစ်များ နေပါတယ်။ ဒါကြောင့် ဈေးကွက်မှာ ရောင်းချတဲ့ ပစ္စည်းတိုင်းဟာ အစားအသောက်နဲ့ ဆေးဝါး အာဏာပိုင်အဖွဲ့က (FDA)က စစ်ဆေး အတည်ပြု ထားတာတွေဖြစ်ဖို့ လိုသလို စားသုံးသူတွေ အနေနဲ့ မိမိနစ်နာချက်တွေကို တိုင်ကြားဖို့ လိုအပ်သလို မီဒီယာကို ဆက်သွယ်ပြီး မီဒီယာက တစ်ဆင့် ကျန်စားသုံးသူတွေကို အသိပေးဖို့ လိုအပ်ပါတယ်။

၎။ အရက်၊ ဘီယာများကို ပေါ်ပေါ် တင်တင် ကြေငြာလို့ မရတဲ့ အချိန်မှာ တချို့သော အမှတ်တံဆိပ်များဟာ ထင်ယောင် ထင်မှား ဖြစ်စေတဲ့ ရေသန့်၊ အချိုရည် စတာတွေကို ထုတ်လုပ်ပြီး ကြေငြာတာကို တွေ့နေရပါတယ်။ လူငယ်တွေ အနေနှင့် ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ အဲဒီ အပေါ်မှာ ဆရာ၏ အမြင်ကို Marketing ရှုထောင့်၊ Ethic ရှုထောင့်များမှ တဆင့် ဖြေကြား ပေးစေ ချင်ပါတယ်။  (Marketing ပညာရပ်ကို စိတ်ပါဝင်စားသူ)

ပြောရရင်တော့ ဘီယာတို့ အရက်တို့ ကြော်ငြာတယ်ဆိုတာ သောက်ဖို့ ဆွဲဆောင်တာ မဟုတ်ဘူး။ ကိုယ့်အမှတ်တံဆိပ်ကို သောက်သုံး နေသူတွေကို ကိုယ့်အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ပိုမို သတိထားမိအောင်၊ ပိုမို စွဲမြဲအောင်၊ ကိုယ်သောက်တဲ့ Brandနဲ့ ပတ်သက်ပြီး ဂုဏ်ယူနိုင်အောင် လုပ်တာပဲ ဖြစ်တယ်။ တစ်ချို့ နိုင်ငံတွေမှာ အရက် ဘီယာ ကြော်ငြာခွင့် ရပေမဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ ကြော်ငြာလို့ မရဘူး။ ဒီတော့ရေသန့်လို Ph7 တပ်ပြီး ကြော်ငြာတာမျိုးတွေ လုပ်လာတယ်။ နံမည်တူ အချို၇ည်တွေ ထုတ်ပြီး ကြော်ငြာ လာကြတယ်။ ကမ္ဘာမှာ နံမည်ကြီးတဲ့ မာလ်ဘိုရို စီးကရက်လည်း ဖက်ရှင်ပစ္စည်းတွေ ထုတ်ပြီး ကြော်ငြာခဲ့ ဘူးတာပဲ။ လက်ကိုင်အိတ်တွေ၊ ခါးပတ်တွေကို မာလ်ဘိုရိုက ထုတ်ခဲ့တယ်လေ။ တကယ်လို့ အသက်မပြည့်သေး သူတွေ၊ ကျောင်းသား လူရွယ်တွေကို သောက်သုံးအောင် ဆွဲဆောင်ဖို့၊ မသောက်တတ်သေးတဲ့ သူတွေကို သောက်အောင် ဆွဲဆောင် ကြော်ငြာတာ ဆိုရင်တော့ ကျင့်ဝတ်နဲ့ မညီဘူးလို့ ပြောရမှာပဲ။ ကျင့်ဝတ်နဲ့ မညီတဲ့ မာကက်တင်းမျိုးကတော့ မလုပ်သင့်ပါဘူး။

 

Category: 

Share