ဆေးထိုးမှား၍ လမ်းမလျှောက်နိုင်သောကလေး ကောင်းမွန်အောင် ပြန်ကုသပေးမည်ဟုဆို

သင်္ဃန်းကျွန်းမြို့နယ်၊   စံပြရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ဆရာဝန်နှင့် ကလေးမိဘများ အကြား အငြင်းပွားဖွယ် ကိစ္စရပ်နှင့် ပတ်သက်၍ နှစ်ဦး နှစ်ဘက် ပြေလည်မှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်းနှင့် ကလေးငယ်အား အကောင်းပကတိ ဖြစ်သည် အထိပြန်လည် ကုသပေးသွားမည် ဖြစ်ကြောင်း ကာယကံရှင် ကလေးငယ်၏ မိခင်ဖြစ်သူမှ Tomorrow ဂျာနယ်သို့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ပြောပြခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၇)ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ယခုအခါတွင် ညှိနှိုင်း၍ အဆင်ပြေသွားပြီ ဖြစ်ကြောင်းနှင့် ဖြစ်စဉ်အရ ကလေးမှာ ဆေးထိုးပြီး အချိန်ပိုင်း အတွင်းမှာပင် ခြေထောက်များ ပျော့ခွေကာ ပိုလီယို ကဲ့သို့ လက္ခဏာများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆေးထိုးမှားတဲ့ ဆရာဝန်တွေ ဘက်က ကျမကလေး နဂိုအတိုင်း ပြန်ပြီး ကောင်းမွန်လာတဲ့ အထိ ကုသပြသ ပေးမယ်လို့ ပြောပါတယ်။ ကျမက အစ ကတည်းက ဒီလို ပြေပြေလည်လည်ပဲ ဖြစ်ချင်တာပါ။ ကျမတို့ အခုလို ပြေလည်မှု ရရှိအောင် ကြားဝင် ညှိနှိုင်းပေးတဲ့ သူက မြို့နယ် ကျန်းမာရေးမှူးပါ”ဟု ကလေးမိခင် ဒေါ်ရင်ရင်မျိုးက ပြောခဲ့သည်။

ဆရာဝန် အနေဖြင့် ကလေးအား ဆေးကုသမှု စရိတ်မှ စကာ သွားရေးလာရေး ခရီးစရိတ်များ အထိပါ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ် အကျဉ်းမှာ ဒေါ်ရင်ရင်မျိုး၏ တစ်နှစ်နှင့်ဆယ်လ အရွယ် သမီးငယ်မှာ ၀မ်းပျက်၍ နေမကောင်း သဖြင့် အိမ်အနီးရှိ ကံ့ကော်ဆေးခန်းသို့ နံနက်၉နာရီ ၀န်းကျင်တွင် သွားရောက် ပြသခဲ့ရာ ဆရာဝန်က ဆေးတစ်လုံး ထိုးပေးခဲ့ကြောင်း၊ အဆိုပါ ဆေးထိုးပြီး အိမ်ရောက်သည့် အချိန်တွင် ကလေးငယ်မှာ မတ်တပ်ရပ်နိုင်ခြင်း မရှိတော့ကြောင်းနှင့် ထိုအချိန်မှ စကာ ကလေးငယ်၏ ညာဘက် ခြေထောက်မှာ မူလအတိုင်း မရှိတော့ဘဲ ပိုလီယိုဖြစ်သည့် ပုံသဏ္ဍန်များ ပေါ်ပေါက် ခဲ့ရကြောင်း သိရသည်။

ဒေါ်ရင်ရင်မျိုး၏ ဆက်လက် ပြောကြားချက်များ အရ ကလေးငယ်၏ ရောဂါ လက္ခဏာမှာ ပိုကာဆိုးဝါး လာခြင်းကြောင့် ရန်ကင်း ကလေးဆေးရုံသို့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၉ ရက်က တက်ရောက် ကုသခဲ့ရာ ရန်ကင်းကလေး ဆေးရုံမှ ကလေးငယ်၏ ၀မ်းနာမူနာအား ဓါတ်ခွဲခန်းတွင် စစ်ဆေးခဲ့ရာ ပိုလီယိုပိုး မတွေ့ရှိကြောင်း ဆေးထိုး မှားခြင်းကြောင့် ဆေးမှတ်တမ်းများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

Category: 

Share