ရွှေဝါရောင် တော်လှန်ရေး အပိုင်းအစများ (၁) - ကျော်ကိုကို (ဗကသများအဖွဲ့ချုပ်)

၂၀၀၇ မတ်လနှောင်းပိုင်း -  မစုစုနွေး အပါအ၀င် လူငယ်များ မင်းဓမ္မကုန်း ကျောက်တော်ကြီးဘုရား တက်၍ ၀တ်ပြုဆုတောင်းစဉ် ဖမ်းဆီးခံရ။ ရဲတပ်ရင်း အသီးသီး၌ခွဲပြီး ချုပ်ထားခဲ့။ ထိုအထဲ၌ ကျောင်းသား ရဲမြတ်ဟိန်း တစ်ဦးသာပါဝင်။

၂၀၀၇ ဧပြီသင်္ကြန်ကာလ - ၈၈ မျိုးဆက် ကျောင်းသားများမှအဖြူရောင် စတုဒိသာ၊ အဖြူရောင် ဇီဝိတဒါနပွဲများ ကျင်းပ။

၂၀၀၇ မေ၂၇ရက် - ၉၀ရွေးကောက် ပွဲအောင်မြင်မှု နှစ်ပတ်လည်နေ့ အခမ်းအနား ရွှေဂုံတိုင် NLDရုံးရှေ့ ကျင်းပ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းရန် ရွှေတိဂုံဘုရားတက်မည့် အကြံအစည်ကို စွမ်းအားရှင် အဖွဲ့က အကြမ်းဖက် တားဆီးရန် ပြင်ဆင်ထား။ အချေအတင် အနည်းငယ်ဖြစ်ပြီး ရုံးရှေ့မှာပင် ကိုမင်းကိုနိုင် တရားဟောဖြစ်ခဲ့။

၂၀၀၇ ဇွန်လဆန်းပိုင်း - မစုစုနွေး ဘားလမ်းဆေးရုံ တင်ထားရာမှ အာဏာပိုင်က ပြန်လွှတ်ပေးခဲ့။

၂၀၀၇ ဇွန်လ ၂၂ ရက် - MDC ထင်ကျော်နှင့် အဖွဲ့ သိမ်ကြီးဈေးရှေ့ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ။ တစ်နေ့တည်းတွင် ကိုသူရ(ဇာဂနာ) အမေရိကန်စင်တာ၌ ဟောပြောပွဲတစ်ခု ကျင်းပ။

၂၀၀၇ ဇူလိုင်အလယ် - မစုစုနွေးနှင့် အတူဖမ်းဆီး ခံရသော လူငယ်များ ရဲတပ်ရင်း အသီးသီးမှ ပြန် လွှတ်ပေးလိုက်။
        ကမ္ဘာအေး ဗုဒ္ဓသာသနာ့ တက္ကသိုလ်ရှိ စာသင်သား ရဟန်းပျိုများက ဖိနှိပ်သော စည်းကမ်းများကို မကျေနပ်၍ ပိုစတာတိုက်ပွဲဖြင့် စတင်ဆန္ဒပြကြ။ နံရံတွင် မှုတ်ဆေးသုံး၍ စာတမ်းများရေးသား တိုက်ပွဲဝင်ကြ။

၂၀၀၇ သြဂုတ် ၈ ရက် - ၈.၈.၈၈ နှစ်ပတ်လည် အခမ်းအနားကို ခြောက်ထပ်ကြီး ဘုရားဝင်းရှိ သာသနာ့ သိပ္ပံဘုန်းကြီးကျောင်းတွင် ကျင်းပ။ စည်သူမောင်၊ ဒီငြိမ်းလင်း ပထမဆုံးအကြိမ် မီဒီယာရှေ့မှောက် စထွက်ခဲ့။

၂၀၀၇ သြဂုတ် - အစိုးရမှ လောင်စာဆီဈေးနှုန်းများ တိုးမြှင့်။ ခရီးသွား ပြည်သူများ အခက်အခဲတွေ့။ ကုန်ဈေးနှုန်းများလိုက်ပါ တိုးမြင့်သွား၍ အထွေထွေ အကျပ်အတည်းဆိုက်။ အထူးသဖြင့် ကျောင်းသားများ စီးနင်းသော ဖယ်ရီကားများ မထွက်နိုင်တော့သဖြင့် ကျောင်းသားအများစု မကျေနပ်မှု အစပျိုးလာ။

၂၀၀၇ သြဂုတ် ၁၉ ရက် - ဦးကြည်မောင် ကွယ်လွန်ခြင်း (၃)နှစ်ပြည့် ဆွမ်းကျွေးပွဲမှ အပြန် ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်၍ အင်အား ၅၀၀ ကျော် ပါဝင်သည့် လူအုပ်ကြီးက Walkie-Mackie (လမ်းလျှောက် လှောင်ပြောင်ခြင်း) Campaign စတင်။ လောင်စာဆီ ရှားပါးခြင်း၊ ဈေးကြီးမြင့်ခြင်းကြောင့် လမ်းလျှောက်ရပြီး အစိုးရ၏ မအောင်မြင်သော စီမံခန့်ခွဲမှုများကို သရော်လှောင်ပြောင်ကာ တာမွေ ကျောက်မြောင်းအရောက် လူစုခွဲခဲ့ကြ။

၂၀၀၇ သြဂုတ် ၂၁ ရက် - ည ၈း၃၀ အချိန်ခန့်တွင် ရန်ကုန်မြို့ နေရာအနှံ့မှ ၈၈ မျိုးဆက် အဖွဲ့ဝင်ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။ နေအိမ်တွင်ရှိ မနေသော ကိုဌေးကြွယ်၊ ကိုထွန်းမြင့်အောင်၊ ကိုလှမျိုးနောင်၊ ကိုစိုးထွန်းစသည့် လူအချို့သာ လွတ်မြောက်သွားရ။

၂၀၀၇ သြဂုတ် ၂၂ ရက် - ကိုထင်ကျော်က လမ်းလျှောက် ဆန္ဒပြမည်ဟု ကြွေးကြော် ထားသော်လည်း လူအုပ်ထဲသို့ ရောက်မလာခဲ့ပါ။ မနီလာသိန်း၊ မမီးမီးစသည့် လက်ကျန် ၈၈မျိုးဆက် ကျောင်းသား ကျောင်းသူများ ဦးဆောင်ပြီး လှည်းတန်းမီးပွိုင့်မှ သမိုင်းလမ်းဆုံအထိ ချီတက်ခဲ့ကြ။ လမ်းတွင် စွမ်းအားရှင် အဖွဲ့၏ အကြမ်းဖက်ခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း အချို့ရှိခဲ့သော်လည်း အောင်မြင်မှု မရခဲ့။ လမ်းလျှောက် ဟောပြောမှုများရှိသော်လည်း ကြွေးကြော်သံများ မပါရှိခဲ့။

၂၀၀၇ သြဂုတ် ၂၃ ရက် - ဆူးလေဘုရား၊ မြို့တော်ခန်းမ အလိုက် ဆန္ဒပြပွဲ အချို့ဖြစ်ပွား စွမ်းအားရှင် အကြမ်းဖက်ဖြိုခွဲ၊ ရွှေဂုံတိုင် မီးပွိုင့်ဘက်သို့ NLDပါတီဝင် အချို့လမ်းလျှောက် ချီတက်စဉ် စွမ်းအားရှင်မှ အတင်းအဓမ္မကားပေါ် ဆွဲတင်ဖမ်းဆီး။ ရန်ကင်း NLD ဥက္ကဋ္ဌ ကိုမျိုးခင်၊ မီးသွေး အပါအ၀င် (၃၀)ခန့် ဖမ်းဆီးခံခဲ့ရ။

၂၀၀၇ သြဂုတ် ၂၄ ရက် - တာမွေ(ယာယီဈေး) အနီးတွင် ဆန္ဒပြရန် စီစဉ် ထားမှု ပျက်ပြားသွားခဲ့ရ။ သို့သော် နေရာအသီးသီး၊ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများ စတင် ထွက်ပေါ်လာပြီး အချင်းချင်း ချိတ်ဆက်မိသွားခဲ့။ ကဗျာဆရာ ကိုအောင်ဝေး၏ သားကွန်ပြူတာ ဂုဏ်ထူးတန်း ကျောင်းသား ကိုလပြည့်ဝေလည်း ပါဝင်ခဲ့။

၂၀၀၇ သြဂုတ် ၂၅ ရက် - လပွတ္တာ ဘိုကလေး စသည့် ဧရာဝတီတိုင်းမြို့နယ် အချို့မှာ ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ပွဲများ တရားဟောပွဲများ ဆက်တိုက်ဖြစ်ပေါ်။

၂၀၀၇ သြဂုတ် ၂၆ ရက် - မစုစုနွေး၊ အိုးဝေ စသူတို့ ခေါင်းဆောင်ပြီး လှည်းတန်းဈေးရှေ့မှ လှည်းတန်းလမ်းဆုံ၊ Mr.Brown ကဖီးရှေ့သို့ လမ်းလျှောက်တရားဟောစဉ် စွမ်းအားရှင်မှ အကြမ်းဖက်ဖမ်းဆီး။ အိုးဝေ ခြေကျိုးပြီး အဖမ်းခံရ။ လှိုင်သာယာအဖွဲ့မှ လူငယ်အတော်များများ ဖမ်းခံရကာ မစုစုနွေး လွတ်မြောက်သွား။

၂၀၀၇ သြဂုတ် ၂၇ ရက် - လွတ်မြောက်နေသည့် ကိုဋ္ဌေးကြွယ်၏ စီစဉ်ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့မှ လူငယ်အချို့ အဖွဲ့အစည်းဖွဲ့ရန် ချိတ်ဆက်မိကြ။ ၄င်းတို့ ခေါင်းဆောင်မှာ Hip Hop အဆိုတော် ဇေယျာသော်ဖြစ်။ ထိုအချိန်ထိ မည်သည့် နာမည်ခံယူ၍ လှုပ်ရှားမှု မပြုသေးသော်လည်း တူရာတူရာ အုပ်စုလိုက် စည်းရုံးမှုများရှိနေ။ အဖွဲ့ဝင်အများစုမှာ ဂီတနယ်ပယ်နှင့် စီးပွားရေး လောကမှ လူငယ်များဖြစ်။

၂၀၀၇ သြဂုတ် ၂၈ ရက် - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(ဗ.က.သ) ပြန်လည် စုစည်းကြောင်း ကြေညာချက်ထွက်။ လက်ရှိ တက္ကသိုလ်တက် နေကြသည့် ကျောင်းသားများပါဝင်။ မြေအောက် လှုပ်ရှားမှု အချို့ (ဥပမာ-စာဝေစာကြဲခြင်း၊ ကြေညာချက်ထုတ်ခြင်း၊ အဖွဲ့ဝင်စည်းရုံး ခြင်း)များကို လှည်းတန်း၊ တာမွေ၊ ဒဂုံ၊ တောင်ဥက္ကလာ၊ ရွာသာကြီး၊ သန်လျင်တို့တွင် အခြေပြု၍ လှုပ်ရှားခဲ့ကြ။ ၈၈ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းမြင်းအောင်နှင့် အချိတ်အဆက်ရှိ။

၂၀၀၇ စက်တင်ဘာ ၃ ရက် - ရခိုင်ပြည်နယ်စစ်တွေ၊ တောင်ကုတ်နှင့် အခြားမြို့နယ်များတွင် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လူထုတိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ အကြမ်းဖက် ဖြိုခွဲဖမ်းဆီးမှုများရှိနေ။
(ဆက်လက်ဖော်ပြပါမည်။)

 

Category: 

Share