ပြန်လည်အသက်ဝင်လာသော ဂဠုန်ဆရာစံနေ့များ

သာယာဝတီခရိုင် ဖားရွှေကျော်ရွာမှ အစပြု၍ နယ်ချဲ့ အင်္ဂလိပ် အစိုးရအား ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည့် သုပန္တက ဂဠုန်ရာဇာ ဘွဲ့ခံ ဆရာစံနှင့် ဂဠုန်တပ်ဖွဲ့ဝင်များအား ကြိုးပေး ကွပ်မျက်ခံရပြီး နှစ်ပေါင်း ၈၀ ကျော်ကြာမှ ပြန်လည် ကျင်းပခွင့်ရသည့် တောင်သူ လယ်သမားနေ့ အခမ်းအနားကို မတ်လ ၂ ရက်နေ့တွင် သာယာဝတီခရိုင် သာယာဝတီမြို့နှင့် ၇မိုင်ကွာဝေးသည့် ဖားရွှေကျော်၊ ရေတိုက်၊ အင်း တိုက်ရှိ ဆရာစံ အောင်မြေကုန်း၌ ကျင်းပမည် ဖြစ်သည်။

ဂဠုန်ရာဇာဘွဲ့ခံ ဆရာစံ၏ ခန့်ညား နေသော ရုပ်ထုကြီးရှီရာ သာယာဝတီခရိုင်၊ ဖားရွှေ ကျော်ရေတိုက်၊ ဆရာစံ အောင်မြေကုန်း အနီးတစ်ဝှိက်မှ လယ်သမားကြီးများနှင့် အဆိုပါ တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ ရောက်ရှိနေသည့် ဂဠုန်မျိုးဆက်များနှင့် တွေ့ဆုံစဉ် သူတို့၏ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲနှင့် ပါတ်သတ်သည်များကိုလည်း အောက်ပါအတိုင်း သိရှိခဲ့ရသည်။

ဂဠုန်တပ်ဖွဲ့ဝင် ဦးကောက်၏သမီး ဒေါ်ခလေးမ “အဘဆရာစံနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားနေ့မှာ ခမ်းခမ်းနားနား လုပ်ခဲ့တာမရှိဘူး၊ ဦးနေ၀င်း လက်ထက်တုန်းကတော့ မသေပဲ ကျန်ခဲ့တဲ့ ဂဠုန်တပ်သားတွေကို ခေါ်ပြီးတွေ့တယ်။ ကြောက်ပြီး မသွားကြဘူး၊ အဘွား၊ ဦးလေးတို့ အုပ်စုသွားတော့ ၅၀၀ကျပ် ပေးလိုက်တယ်။ အဲ့ဒီငွေနဲ့ ဆရာစံ အောင်မြေ နင်းတဲ့ကုန်းမှာ ဘုရားတည်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။

ပဲခူးမြို့မှ လယ်သမားကြီး ဦးမောင်မောင်က “နယ်ချဲ့တော်လှန်ရေးနှင့် လက်ရှိ တောင်သူလယ်သမား အခွင့်အရေး တောင်သူလယ်သမား ဆုံးရှုံးနစ်နာမှုအတွက်  မြေရရှိရေး တော်လှန်ရေးက မတူဘူး၊ အခု လယ်သမားတွေ ဆုံးရှုံးနစ်နာတဲ့ အခွင့်အရေး အတွက် တိုက်မယ်၊ ဒုတ်၊ ဓါး၊ လက်နက်နဲ့ မတိုက်ဘူး၊ ဥပဒေ ဘောင်အတွင်းက တိုက်သွားမယ်၊ ဒါကြောင့် ဂဠုန်တွေ အသက်ဝင်လာပြီ၊ ဒါဟာ လယ်သမားတွေ အတွက် ဒုတိယ လွတ်မြောက်ရေး တိုက်ပွဲလို့ ပြောလို့ရတယ်”ဟု ဆိုခဲ့သည်။

ကွမ်းခြံကုန်းမှ လယ်သမားကြီး ဦးစိန်ဝင်း “နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ အဘ ဆရာစံနဲ့ ဂဠုန်တပ်ဖွဲ့ဝင်တွေကို ဖဆပလ၊ မဆလ၊ န၀တ၊ နအဖ လက်ထပ်တွေမှာ သမိုင်းဝင် မှတ်တမ်းတင်တဲ့ ကိစ္စတွေ မျက်ကွယ်ပြုခဲ့တယ်၊ ဂဠုန်ဆရာစံကြီးကို မျက်ကွယ်ပြုခဲ့တာ ထိုက်တန်တဲ့ ဂုဏ်ပြုမှုမရှိခဲ့ဘူး၊ သမိုင်းကိုဖျောက်ဖျက်ခဲ့တာ”ဟု ပြောကြားခဲ့သည်။  

ကျောက်တန်းမှ လယ်သမားကြီး ဦးအေးသွင် “တောင်သူလယ်သမားတွေဟာ ခေတ်အဆက်ဆက် မြေပိုင်ဆိုင်မှု မရှိခဲ့ဘူး၊ ပိုင်ဆိုင် ခွင့်မရှိခဲ့လို့လဲ န၀တ၊ နအဖ၊ လက်ထပ်မှာ လယ်သမားပိုင်တဲ့ မြေတွေကို အတင်းအဓမ္မ သိမ်းယူခဲ့တယ်။ လယ်သမားတွေဘ၀ ဒူးနဲ့မျက်ရည် သုတ်ခဲ့ရတယ်၊ လယ်ပိုင်ကနေ လယ်ကူလီ၊ စာရင်ဌားဘ၀ ရောက်ခဲ့ရတယ်”ဟု ရင်ဖွင့်ပြောကြားခဲ့သည်။

 

Category: 

Share