Social

ဘီးလင်းမြို့ရှိ ငါးပိရည်ကျိုအချို့၌ ထရိုင်ကလိုတိုဖောင်းပိုးသတ်ဆေးသုံးထားသည်ကို တွေ့ရှိရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ငါးပိရည်ကျိုအချို့၌ ထရိုင်ကလိုရိုဖောင်းပိုးသတ်ဆေးတစ်မျိုးသုံးသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဇူလိုင် ၁ ရက်တွင် ပြောသည်။

“တရုတ်ဘက်က ၀င်လာတဲ့ ဆေးရည်၊ မန္တလေး မူဆယ်ဘက်က လာတယ်လို့ သိရတယ်။ ငါးပိရည်ကျိုထဲမှာ လောက်မတက်အောင်သုံးတယ်လို့ ကျွန်တော်တို့ ဘီးလင်းရုံးခွဲကနေ လှမ်းအကြောင်းကြားထားတယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ ငါးပိရည်ကျိုအချို့၌ လောက်မတက်အောင်သုံးသော ထရိုင်ကလိုတိုဖောင်း ပိုးသတ်ဆေးသည် ဈေးကြီးများတွင် သုံးသဖြင့် လက်လီဆိုင်များတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

ဆေးအမျိုးအစားသစ် ခြောက်မျိုးကို ဆေးဝါးစက်ရုံ(အင်းစိန်)တွင် စမ်းသပ်ထုတ်လုပ်ရန် စီစဉ်

အစာအိမ်ရောဂါ၊ အသည်း၊ နှလုံးနှင့် ကျောက်ကပ်ရောဂါများအတွက် ဆေးဝါးများအပါအ၀င် ဆေးဝါးသစ်အမျိုးအစား ခြောက်မျိုးကို ဆေးဝါးစက်ရုံ(အင်းစိန်)တွင် စမ်းသပ်ထုတ်လုပ်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

“ဆေးဝါးသစ် ခြောက်မျိုးကို စမ်းသပ်မှုတွေကတော့ ဒီနှစ်အတွင်းမှာပဲ ပြီးမှာပေါ့။ ပြီးရင် FDA ထောက်ခံချက် ယူရမယ်။ ပုံမှန်ဆိုရင်တော့ FDA က ခွင့် ပြုလိုင်စင်ရဖို့ ခြောက်လ ဒါမှမဟုတ် တစ်နှစ်လောက်တော့ ကြာမှာပေါ့”ဟု ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာအောင်ဇော်က ပြောကြားခဲ့သည်။

ခရိုင်၂၄ ခုတွင် FDA က ဓာတ်ခွဲခန်းများ တည်ဆောက်သွားမည်

အစားအသောက်၊ ဆေးဝါး နှင့် အလှကုန်များကို စစ်ဆေးစမ်းသပ်နိုင်ရန် ခရိုင် ၂၄ ခုတွင် ယခု နှစ်အတွင်း ဓာတ်ခွဲခန်းများစတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ သိရသည်။

“အစားအသောက်၊ ဆေးဝါး၊ အလှကုန်တွေနဲ့ ပတ်သက်ပြီးတော့ ဓာတ်ခွဲခန်းတွေက မရှိမဖြစ် လိုအပ်နေပါတယ်။ ဒါကြောင့် ခရိုင် ၇၅ ခရိုင်ကနေ ၂၄ ခရိုင်ကို စတင်ပြီး ဒီနှစ်ထဲမှာ တည်ဆောက်မှာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးမှာတော့ ဓာတ်ခွဲခန်းတွေက ဆောက်လုပ်ပြီးပါပြီ”ဟု ၄င်းဦးစီးဌာန (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အင်းစိန် GTI ကျောင်း ၂၀၁၇ ဒီဇင်ဘာတွင် ဖွင့်လှစ်မည်

နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ရန်ကုန်မြို့ အင်းစိန် GTI စက်မှုလက်မှုသိပ္ပံကျောင်းကို ဇွန်လမှစ၍ အကြီးစားပြင်ဆင်မှု စတင်မည်ဖြစ်ရာ ၂၀၁၇ ဒီဇင်ဘာတွင် ဖွင့်လှစ်မည်ဖြစ်သောကြောင့် သင်တန်းသားများ လျှောက်ထားနိုင်ကြောင်း ဇွန် ၁၅ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။

“ဇွန်လအတွင်းမှာ အကြီးစား မွမ်းမံသွားမယ်။ အဆောက်အအုံကို ဒီဇင်ဘာအမီ ဖွင့်လှစ်သွားမယ်။ သင်တန်းကာလ သုံးနှစ်နဲ့ GTI အသိအမှတ်ပြု ဒီပလိုမာလက်မှတ်ပေးမယ်။ ဆယ်တန်းအောင်တဲ့ သိပ္ပံဘာသာတွဲ မည်သူမဆို တစ်နိုင်ငံလုံးလျှောက်ထားလို့ရတယ်”ဟု စက်မှုလက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောသည်။

NLD နာယက ဦးတင်ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဇွန်လကုန်တွင် ဆေးရုံမှ ဆင်းနိုင်မည်ဟု ရန်ကုန်ဆေးရုံအုပ်ဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးသည် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဇွန်လကုန်တွင် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

“ဆေးရုံဆင်းခွင့်ကတော့ ဇွန်လကုန်လောက်မှာ ဖြစ်ပါတယ်။ ဆေးရုံဆင်းဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေက တိုင်ပင်ဆောင်ရွက်နေပါတယ်။ ဆေးရုံဆင်းပြီးရင်လည်း ကုသမှုကိစ္စတွေရှိပါတယ်။ အထူးသဖြင့်ကတော့ ဘယ်လက်၊ ဘယ်ခြေထောက်တွေ လှုပ်နိုင်အောင်၊ စကားပြောပီသအောင်တို့နဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းပြုလုပ်ပေးရမှာတွေ ဖြစ်ပါတယ်”ဒေါက်တာအေးကိုကိုက ပြောသည်။

အခမဲ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ မြို့နယ် ၇၅ မြို့နယ်တွင် စတင်မည်

အမျိုးသားကျန်းမာရေးစီမံကိန်းအရ လူထုလက်လှမ်းမီသော ကျန်းမာရေးပြုစုစောင့်ရှောက်မှု အမျိုးအစားပေါင်း ၁၉၀ အား မြို့နယ် ၇၅ မြို့နယ်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
မေ ၂၄ ရက်တွင် ကျင်းပခဲ့သော ပြည်သူ့ကျန်းမာရေးညီလာခံတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာညီညီလွင်က အခမဲ့ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနှင့် ပတ်သက်၍ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း အပ်နှံနိုင်ခြင်းမရှိသည့် ကျောင်းသားများကို ရက်တိုးလက်ခံသွားမည်

ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကျော်သည့်အထိ လာရောက်အပ်နှံခြင်းမရှိသော ကလေးငယ်များကို ဇွန်လဒုတိယပတ်အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မေ ၂၅ ရက်ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တော၊ စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စားဝန်ကြီးဦးဟံထွန်းက တက်ရောက်ခဲ့ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   

အဋ္ဌမတန်းမှ န၀မတန်းတက်ရောက်မည့် ကျောင်းသားများကို ပထ၀ီ၊ သမိုင်းဘာသာရပ် နှစ်ပတ်ခန့် သင်ကြားစေပြီးမှ ဘာသာတွဲရွေးချယ်ခွင့်ပေးမည် ကျောင်းအုပ်ကြီးများကို ရေလိုအေးသော အပြုံးလေးပြုံးထားပေးရန် မှာကြားထားဟုဆို

အဋ္ဌမတန်းမှ န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသားများကို ဇွန် ၁ ရက် ကျောင်းဖွင့်ချိန်တွင် ဘာသာတွဲ မခွဲသေးဘဲ ပထ၀ီ၊ သမိုင်းအတွဲ (၂) ကို သက်ဆိုင်ရာ ကျွမ်းကျင်ဘာသာရပ်ပြဆရာများက နှစ်ပတ်တိတိ သင်ကြားပြီးမှသာ ကျောင်းသားစိတ်ကြိုက်ဘာသာတွဲကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သို့ ရောက်ရှိလာသောတိုင်စာများတွင် ရာထူးတိုးပြောင်းရွှေ့ ပြဿနာများ အများစုဖြစ်နေ

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်သို့ ၂၀၁၇ ခုနှစ်တွင် ရောက်ရှိလာသော တိုင်စာ ၁၅ စောင်တွင် ရာထူးတိုးပြောင်းရွှေ့ပြဿနာများ အများစုဖြစ်နေကြောင်း ဆရာ၊ ဆရာမများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက် နိုင်ဦးက ပြောသည်။
“များသောအားဖြင့် ရာထူးတိုးပြောင်းရွှေ့ကိစ္စတွေမှာ ဆရာဆရာမတွေက သူတို့ မတရားခံရတယ်ဆိုတာ တင်ပြကြတယ်။ ပွင့်လင်းမြင်သာမှုမရှိဘူးပေါ့။ ကျွန်တော်တို့လည်း ပညာရေးဝန်ကြီးဌာနနဲ့ ဒီကိစ္စတွေကို ညှိနှိုင်းနေပါတယ်” ဟု ဒေါက်တာသက်နိုင်ဦးက ပြောသည်။

ပုဂ္ဂလိကပညာရေးဥပဒေနှင့် ပတ်သက်၍ အကြံပြုချက်များကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြမည်

ပုဂ္ဂလိပညာရေးဥပဒေနှင့် ပတ်သက်၍ အကြံပြုထားချက်များအား မကြာမီအချိန်အတွင်း ပညာရေးဝန်ကြီး ဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌဦးမျိုးမြင့်က မေလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ဆရာတို့ကော်မရှင်က အရေးတကြီး ဆောင်ရွက်နေတဲ့ဥပဒေ၊ အခြေခံပညာရေးဥပဒေ၊ တိဘက်လို့ခေါ်တဲ့ အသက်မွေးဥပဒေ၊ အဆင့်မြင့်ပညာဥပဒေတွေ ၀န်ကြီးဌာနကို တင်ပြပြီးပြီ။ အခုပုဂ္ဂလိကပညာရေးဥပဒေ လုပ်နေတယ်။ ဆရာတို့က ဥပဒေရေးဆွဲတာမဟုတ်ဘဲ အကြံပေးတာပါ။ တကယ့်ပိုင်ရှင်က လွှတ်တော်နဲ့ ၀န်ကြီးဌာနဖြစ်ပါတယ်။ အခုပုဂ္ဂလိကပညာရေးဥပဒေကို အကြံပြုသုံးသပ်ဖို့ လုပ်နေတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

Pages