World Sports

မန်ယူအသင်းအတွက် ယခု နှစ်ရာသီ နှစ်သိမ့်ဖလား

ပရီးမီးယားလိဂ်တွင် အခြေအနေမကောင်းခဲ့သော မန်ယူအသင်းသည် fA ဖလား ဗိုလ်လုပွဲတွင် ခရစ်စတယ်ပဲလေ့အသင်းကို အချိန်ပိုနောက်ကျ အနိုင်ဂိုးဖြင့် ယခုရာသီနှစ်အတွက် နှစ်သိမ့်ဖလား တစ်ခု ရရှိခဲ့သည်။

၎င်းပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အနိုင်ဂိုးကို နောက်မှ လိုက်သွင်းခဲ့ရသည့် အနေထား ရှိခဲ့သည်။ ဂိုးစသွင်းခဲ့သည့် အသင်းမှာ ခရစ်တယ်ပဲလေ့ဖြစ်ပြီး သုံးမိနစ်အတွင်းတွင် မန်ယူအလယ်တန်းသမား မာတာက ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ ထိုပွဲတွင် မန်ယူနောက်တန်းမှ စမောလင်း နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပြီးနောက် ၁၀ ယောက်တည်းဖြင့် မန်ယူအသင်းက ကစားခဲ့ရသည်။

ရှာရာဗိုဗာ တင်းနစ်လောက ပြန်ဝင်လာရန် မသေချာဟု ရုရှားတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြောကြား

တားမြစ်ဆေး ကျရှုံးခဲ့ပြီးနောက် ကမ္ဘာနံပါတ်တစ် တင်းနစ်မယ်ဟောင်း ရှာရာဗိုဗာအနေဖြင့် တင်းနစ်လောကသို့ ပြန်ဝင်၍ ပြိုင်ပွဲများ ပြန်လည်ဝင်ကစားဖွယ် မရှိတော့ဟု ရုရှားနိုင်ငံတင်းနစ် အားကစားအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူက ပြောကြားခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ရှာရာဗိုဗာသည် ပြီးခဲ့သည့် ဇန်န၀ါရီလက ကျင်းပခဲ့သော သြစတြေးလျ အိုးပင်းပြိုင်ပွဲတွင် တားမြစ်ဆေး ကျခဲ့ခြင်းဖြစ်သည်။ ရုရှားတင်းနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက ရှာရာဗိုဗာအနေနှင့် ပြိုင်ပွဲများပြန်လည်ဝင်ကစားရန် မသေချာကြောင်း၊ ၄င်းအနေနှင့် ဆိုးရွားသော အခြေအနေတစ်ရပ်ကို ကျော်ဖြတ်နေရကြောင်း ပြောကြားခဲ့သည်။

မော်ရင်ဟိုကို မန်ယူအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်နေ

ပြီးခဲ့သည့် ဒီဇင်ဘာလက ချဲလ်ဆီးအသင်းမှ ထုတ်ပယ်ခံရသည့် ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟိုကို မန်ချက်စတာ ယူနိုက်တက် အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်နေပြီဟု အင်္ဂလန် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် ၅၃ နှစ်ရှိပြီဖြစ်သော မော်ရင်ဟိုကို ခေါ်ယူရန်အတွက် မန်ယူအသင်းသည် မူအားဖြင့် သဘောတူညီမှုရပြီးပြီဟု သိရသည်။

မန်ယူအသင်း၏ စီမံအုပ်ချုပ်သူများသည် လက်ရှိနည်းပြ လူးဝစ်ဗန်ဟား လက်ထက်တွင် မန်ယူအသင်း ချန်ပီယံလိဂ် ၀င်ခွင့်ပင်မရခဲ့သည့် အတွက်  ပြောင်းလဲမှုတစ်ခု လုပ်ရန်ရှိခဲ့သည်ဟုဆိုသည်။

အပြောင်းအရွှေ့သတင်းများ

- မန်စီးတီးအသင်း၏ နည်းပြဖြစ်လာမည့် ဂွာဒီယိုလာသည် မန်စီးတီးအသင်းကို လာမည့်ရာသီတွင် ပိုမိုတောင့်တင်းသည့် အသင်းတစ်သင်း ဖြစ်ရန်အတွက် အသင်းကို အင်အားဖြည့်ရန် အာဆင်နယ်အသင်းမှ ၀ီရှယ်ယား၊ အလက်ဆစ်ဆန်းချက်နှင့် စပါးအသင်းက ဒန်နီရိုစ်တို့ကို ခေါ်ယူမည်ဟု အင်္ဂလန်သတင်းစာ The Mirrior တွင် ဖော်ပြထားချက်အရ သိရသည်။ အသင်း၏ အလယ်တန်းနှင့် နောက်တန်းကို အားဖြည့်ရန်အတွက် အခုလို ရဲတင်းလှစွာသော ကမ်းလှမ်းမှုများကို မန်စီးတီး၏ ပြိုင်ဘက်အသင်းများထံကို ပြုလုပ်ရန် ဂွာဒီယိုလာ စဉ်းစားနေသည်ဟု ဆိုသည်။

 

မန်ယူ၌ ဆက်ရှိနေရန် ဗန်ဟားမျှော်လင့်မှု မသေချာချိန် ၄င်းနေရာအတွက် မော်ရင်ဟို နာမည်ထွက်ပေါ်လာ

မန်ယူအသင်း၏ နည်းပြ ဗန်ဟားက နောက်ရာသီအတွက် မန်ယူအသင်း၌ ဆက်လက်လုပ်ကိုင်ဖို့ ဆိုသည်မှာ မသေချာကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဗန်ဟားသည် မန်ယူအသင်းနှင့် စာချုပ်အရ တစ်နှစ် ကျန်ရှိနေသေးသော်လည်း မန်ယူ၏ ဆိုးရွားသော ရလာဒ်များကြောင့် ဖိအားပေးမှုခံနေရသည်။

ထိုကဲ့သို့ ဗန်ဟား၏နေရာ  ဆက်လက်မသေမချာ ဖြစ်နေချိန်တွင် မန်ယူနည်းပြနေရာအတွက် ပေါ်တူဂီနည်းပြ မော်ရင်ဟိုကို အစားထိုး ခန့်အပ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

နောက်ရာသီတွင် မန်ယူအသင်း၌ ဆက်လက်တာဝန်ယူသွားဖို့ မျှော်လင့်နေသေးကြောင်းလည်း ဗန်ဟားက ပြောကြားခဲ့သည်။

 

နွေရာသီ အပြောင်းအရွှေ့ ကာလမတိုင်မီ အဲဗာတန်၌ ဆက်လက်လုပ်ကိုင်ခွင့် မပေးခဲ့မှုကြောင့် နည်းပြမာတီနက် စိတ်ပျက်ဟု ပြောကြား

အဲဗာတန်အသင်းတွင် သုံးနှစ်ကြာ နည်းပြဖြစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ရာသီတွင် အသင်း၏ ရလာဒ် မကောင်းခဲ့မှုအတွက် နည်းပြမာတီနက်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က အလုပ်မှ ရပ်နားခံခဲ့ရသည်။

ဆန်းဒါးလန်းအသင်းကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သုံးဂိုးဂိုး မရှိဖြင့် ရှုံးခဲ့သည့် ရှုံးပွဲအပါအ၀င် ပြိုင်ပွဲအားလုံးတွင် ပွဲ ဆယ်ပွဲ၌ တစ်ပွဲသာ အနိုင်ရရှိခဲ့သောကြောင့် အသင်းတွင် ဆက်လက် လုပ်ကိုင်ခွင့်ကို မရရှိခြင်းအတွက် ၄င်းစိတ်ပျက်ခဲ့ရကြောင်း မာတီနက်က ပြောကြားခဲ့သည်။

မာတီနက်သည် အက်ဖ်အေဖလားနှင့် ကက်ပီတယ်ဝမ်း ဖလားပြိုင်ပွဲတို့တွင် အကြိုဗိုလ်လုပွဲအထိ အဲဗာတန်အသင်းကို ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

ဘော်လုံးအသင်းအတိုများ

- ဘယ်လ်ဂျီယံအသင်းနှင့် မန်စီးတီးအသင်း၏ နောက်ခံလူ ဗင်းဆင့်ကွန်ပနီသည် ပေါင်ခြံ ဒဏ်ရာကြောင့် ၂၀၁၆ ဥရောပဖလားပြိုင်ပွဲနှင့် လွဲချော်မည်ဟု သိရသည်။

- အီတလီကလပ် ဂျီနိုအာအသင်းနှင့် အီတလီလက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူး အလက်စီယိုဆာဆီသည် ဒူးခေါင်းခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်သောကြောင့် ၂၀၁၆ ဥရောပ ဖလားပြိုင်ပွဲကို လွဲချော်မည်ဖြစ်သည်။ ၄င်းသည် ၂၀၁၄ ကမ္ဘာဖလားပွဲ၌ အီတလီ လက်ရွေးစင် အသင်း၌ ပါဝင်ခဲ့သည်။

- အာဆင်နယ်အသင်းသည် လာမည့် အပြောင်းအရွှေ့ရာသီတွင် လီဗာပူးတိုက်စစ်မှူး စတာရစ်ကို ပေါင်သန်း ၃၀ဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်လျက်ရှိသည်။

ဘွန်ဒက်လီဂါ ချန်ပီယံသရဖူကို ၂၆ ကြိမ်မြောက်အဖြစ် ဘိုင်ယန်မြူးနစ်ဆွတ်ခူး

ဂျာမန်ဘွန်ဒက်လီဂါ၏ စနေနေ့ပွဲများ ကစားအပြီးတွင်  လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းသည် ရာသီကုန်နောက်ဆုံးပွဲ မကစားမီ အင်ဂိုစတက်အသင်းကို အနိုင်ကစားပြီး ချန်ပီယံဘွဲ့ကို လေးကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့သည်။

ဒုတိယနေရာတွင်ရှိသော ဒေါ့မွန်အသင်းသည် ဖရန့်ဖတ်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့သည့်အတွက် ရှစ်မှတ်အကွာဖြင့် ဘိုင်ယန်အသင်း ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်အသင်း၏ စပိန်နည်းပြ ဂွာဒီယိုလာသည် အသင်းသား များနှင့်အတူ ပွဲအပြီးတွင် ပြုံးရွှင်စွာဖြင့် အောင်ပွဲခံခဲ့သည်။ ဘိုင်ယန်အသင်းသည် ဂွာဒီယိုလာလက်ထက်တွင် လိဂ်ပွဲ ၁၀၁ပွဲတွင် ၈၁ပွဲ အနိုင်ရလဒ်ရရှိခဲ့သည်။

ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးအသင်း အောင်ပွဲခံနေချိန်တွင် တန်းမဆင်းရဖို့ ကံကိုသာ အားကိုးရမည့် နယူးကာဆယ်

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လက်စတာ အသင်းသည်  အဲဗာတန်အသင်းကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ယူပြီး ကလပ်အသင်း၏ သမိုင်းတွင် ပထမဦးဆုံးအကြိမ် အင်္ဂလန် အဆင့်မြင့်တန်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ဆွတ်ခူးခဲ့ပြီး အောင်ပွဲခံခဲ့သည်။

လက်စတာအသင်း အောင်ပွဲခံနေချိန်တွင် ပရီးမီးယားလိဂ်၏ နာမည်ကောင်း အစဉ်အလာရှိသော နယူးကာဆယ်အသင်းသည် အဝေးကွင်းတွင် အက်စတွန်ဗီလာ အသင်းကို ဂိုးမရှိ သရေကစားခဲ့၍ အမှတ်ပေးဇယားတွင် တန်းဆင်းဇုန်ထဲသို့ ရောက်ရှိသွားခဲ့သည်။ တန်းဆင်းဇုန်မှ လွတ်မြောက်ရန် အတွက် ကံကိုသာ မျှော်လင့်ရဖွယ် အနေအထားတွင် ရှိနေသည်။

အသင်းမှထွက်ရန် ပရိသတ်၏ဖိအားပေးမှုကို အာစင်ဝင်းဂါးခံစားနေရ

ပရီးမီးယားလိဂ် ယခုရာသီ ကုန်ရန် ပွဲစဉ်နှစ်ပွဲသာ ကျန်ရှိတော့သည့် အချိန်တွင် အမှတ်ပေးဇယားတွင် တတိယနေရာ၌ ရပ်တည်နိုင်ပြီး ပြီးခဲ့သည့်ပွဲစဉ် ၃၆တွင် နော်ဝစ်ခ်ျကို ၁-၀ ဖြင့် နိုင်ခဲ့သော်လည်း အာဆင်နယ် အသင်း၏နည်းပြ အာစင်ဝင်းဂါးမှာမူ အာဆင်နယ် ပရိသတ်၏အသင်းမှ ထွက်ခွာရန် ဖိအားပေးမှုခံနေရသည်။

ပြီးခဲ့သည့် ဘောလုံးရာသီနှစ်များအတွင်း ချန်ပီယံဘွဲ့ကို ရယူနိုင်ရန် အာဆင်နယ်အသင်း မစွမ်းဆောင်နိုင်သည့်အတွက် ကွင်းအတွင်းနှင့် ကွင်းပြင်ပများတွင် အသင်းပရိသတ်၏ ကန့်ကွက် ဆန္ဒပြမှုများကို အာဆင်နယ်အသင်း ရင်ဆိုင်နေရသည်။

Pages